အင်္ဂလန် တို့ ယူရို ၂၀၂၀ မှာ ဒုတိယ ဆုနဲ့သာ ကျေနပ်ခဲ့ရ ပေမယ့် အင်္ဂလန် ဂိုးသမား ဂျော်ဒန် ပစ်ဖိုဒ့် ကတော့ ပြိုင်ပွဲရဲ့ ရွှေလက်အိတ် ဆုကို ဗိုလ်လုပွဲ မကစားခင် မှာတင် ရယူ နိုင်ခဲ့ ပါတယ် ။ အဲဗာတန် အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမားဟာ ပြိုင်ပွဲ တစ်လျောက်မှာ ၂ ပွဲသာ ဂိုးပေး ခဲ့ရပြီး Clean Sheet ၅ ပွဲ နဲ့ ရွှေလက်အိတ် ဆု ကို ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြိုင်ပွဲ တစ်လျောက်မှာလည်း လက်စွမ်းပြခဲ့ပြီး အကောင်းဆုံး ဂိုးသမား ၃ ယောက်ထဲမှာ ပါဝင်ခဲ့ ပါတယ် ။
ပစ်ဖိုဒ့် ဟာ ပင်နယ်တီ အဆုံးအဖြတ် ခံယူ ရာမှာလည်း အီတလီ ရဲ့ ပင်နယ်တီ ၂ ကြိမ်ကို ကာကွယ် ပုတ်ထုတ် ခဲ့ပြီး သူ့ရဲ့ တာဝန်ကို ကျေပွန် ခဲ့ပါတယ် ။ ဒါပေမယ့် ရက်ဖိုဒ့် ၊ ဆန်ချို နဲ့ ဆာကာ တို့ ရဲ့ ပင်နယ်တီ ဆက်တိုက် မဝင်မှုတွေဟာ အင်္ဂလန် ကို သူ့အိမ်ကွင်း ၊ သူ့ပရိသတ်တွေရဲ့ ရှေ့မှောက်မှာတင် ကျရှုံး စေခဲ့ ပါတယ် ။
အဆိုပါ ပင်နယ်တီ အဆုံးအဖြတ်မှာ ပစ်ဖိုဒ့် ဟာ လွန်ခဲ့တဲ့ ပြိုင်ပွဲ ၂ ခုတုန်းက အသုံးပြုခဲ့တဲ့ လျှို့ဝှက် လက်နက် ကို ထပ်မံ အသုံးပြု ခဲ့ပါတယ် ။ အဲ့ဒါ ကတော့ ရေသန့်ဗူး ပါပဲ ။ ပစ်ဖိုဒ့် ဟာ ၂၀၁၈ ကမ္ဘာ့ဖလား နဲ့ ၂၀၁၉ ဥရောပ နေးရှင်းလိဂ် က ပင်နယ်တီ အဆုံးအဖြတ်တွေ မှာ အဆိုပါ ရေသန့်ဘူး လက်နက် ကို အသုံးပြုပြီး အောင်မြင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိခဲ့ ပါတယ်။
အင်္ဂလန် ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ရှုံးထွက် အဆင့် မှာ ကိုလံဘီယာ နဲ့ ရင်ဆိုင် ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်ရှိ ခဲ့ပါတယ် ။ အဲ့ဒိတုန်းက ပစ်ဖိုဒ့် ဟာ ကိုလံဘီယာ ကစားသမားတွေ ပင်နယ်တီ ကန်သွင်း နိုင်တဲ့ ဘက်တွေကို ရေးမှတ်ထားတဲ့ သောက်ရေဗူး ကို သူနဲ့ အတူ ယူဆောင်ကာ မှတ်သားပြီး ကာကွယ်ခဲ့ ပါတယ် ။
ဖယ်ကာအို ရဲ့ ကန်ချက်ကလွဲရင် ကျန်တဲ့ ကိုလံဘီယာ ကစားသမားတွေဟာ ပစ်ဖိုဒ့် ရဲ့ ရေဗူးပေါ်က မှတ်တမ်းအတိုင်း ကန်သွင်းခဲ့တာကို တွေ့မြင်ခဲ့ရ ပါတယ် ။ အဆုံးမှာတော့ ကားလိုစ့် ဘက်ကာ ရဲ့ ကန်ချက်ကို ပစ်ဖိုဒ့် ပုတ်ထုတ် နိုင်ခဲ့ပြီး အဲရစ်ဒိုင်ယာ က အင်္ဂလန် ကို နောက်တစ်ဆင့် တက်စေမယ့် ပင်နယ်တီ ကို ဝင်အောင် ကန်သွင်းပေး ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဥရောပ နေးရှင်းလိဂ် ရဲ့ တတိယ နေရာလုပွဲမှာလည်း အင်္ဂလန် ဟာ ဆွစ်ဇာလန် အသင်းနဲ့ သရေကျ ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် မှာ အနိုင်ရခဲ့ပါတယ် ။ အဲ့ဒိတုန်းကလည်း ပစ်ဖိုဒ့် ဟာ ရေသန့်ဗူးပေါ်မှာ ရေးမှတ်ထားတဲ့ မှတ်စုတွေကို အသုံးချပြီး အင်္ဂလန် အတွက် တတိယဆုကို ရယူပေးနိုင်ခဲ့သလို တနင်္ဂနွေနေ့ တုန်းက ပွဲမှာလည်း အီတလီ ဘက်က ဘယ်လော့တီ နဲ့ ဂျော်ဂျင်ဟို တို့ရဲ့ ပင်နယ်တီတွေကို ကာကွယ်ပေး နိုင်ခဲ့ ပါတယ် ။
ဒီတစ်ကြိမ်မှာတော့ ပစ်ဖိုဒ့် ရဲ့ ရေဗူးဟာ အဆင့်မြှင့် ထားခဲ့ပြီး ရှေ့ ၂ ကြိမ် တုန်းကလို ဗူးပေါ်မှာ မာကာပင် နဲ့ ရေးခြစ်ထားတာမျိုး မဟုတ်ဘဲ Print out ထုတ်ထားတဲ့ ဓါတ်ပုံစာရွက် ကို တိပ်နဲ့ ကပ်ပေး လိုက်တာ ဖြစ်တယ်လို့ ဓါတ်ပုံ မှတ်တမ်းတွေ အရ သိရှိခဲ့ရ ပါတယ် ။ ပစ်ဖိုဒ့် နဲ့ အင်္ဂလန် နည်းပြအဖွဲ့တို့ဟာ ဗိုလ်လုပွဲ အတွက် သေချာပြင်ဆင် ခဲ့တာကိုတော့ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး ။
ဒါကြောင့်လည်း အင်္ဂလန် တို့ ဖိုင်နယ်မှာ အရေးနိမ့်ပြီး ဒုတိယဆု နဲ့သာ ကျေနပ်ခဲ့ရပေမယ့် ပစ်ဖိုဒ့် ကတော့ ချီးကျုးဂုဏ်ပြု သံတွေ ပိုမို ရရှိခဲ့ကာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နံပါတ် ၁ နေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်းကို နောက်တစ်ကြိမ် သက်သေပြသ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။