ဥရောပလိဂ်ပြိုင်ပွဲတွေ ခဏရပ်နားထားချိန်မှာ နိုင်ငံတကာပွဲတွေ အစားထိုးဝင်ရောက်လာခဲ့ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဇုန်အလိုက်ခြေစစ်ပွဲတွေ ကစားသွားကြမှာဖြစ်တယ်။ ဥရောပဇုန်မှာလည်း ခြေစစ်ပွဲတွေ ကစားသွားမှာဖြစ်ပြီး အသင်းကြီးတွေအစုံအလင်ရဲ့ ပွဲစဉ်တွေကို ပရိသတ်တွေ ရှုစားရမှာဖြစ်တယ်။ ယူရိုပြိုင်ပွဲပြီးကတည်းက ဥရောပမှာ ပထမဆုံးပြန်ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေဖြစ်ပြီး ယူရိုမှာ ကြုံတွေ့ခဲ့တဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ထားခဲ့ကာ နောက်ထပ်ခရီးသစ်တစ်ခုကို ဆက်သွားကြမှာဖြစ်တယ်။ တချို့အသင်းတွေကတော့ နည်းပြအပြောင်းအလဲတွေ ရှိနေကြပါတယ် . . .
ဆွီဒင် နှင့် စပိန်
စပိန်က ယူရိုပြိုင်ပွဲမတိုင်ခင်အထိ အားရစရာအနေအထားမရှိပေမဲ့ ယူရိုမှာပြသခဲ့တဲ့ ခြေစွမ်းကတော့ အထင်ကြီးစရာ၊ စိတ်ဝင်စားစရာဖြစ်တယ်။ ချန်ပီယံ အီတလီကိုတောင် သေချာပေါက်အနိုင်ရခဲ့သင့်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားပြခဲ့ပြီး ပတ်ဒရီ၊ ဖယ်ရန်တောရက်စ်တို့လို ကစားသမားတွေကလည်း အားကိုးရတာကို တွေ့ရတယ်။ ဆွီဒင်ကလည်း မာကျောပြီး အရည်အသွေးမြင့် အသင်းတစ်သင်းဆိုတာကို သက်သေပြနိုင်ပါတယ်။ အီဆက်ခ်၊ ဖော့စ်ဘတ်တို့ရဲ့တိုက်စစ်က စပိန်ခံစစ်ကို ဒုက္ခပေးနိုင်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ ဆွီဒင်အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်နေလို့ စပိန်အသင်း သရေတစ်မှတ်ရရင်ပဲ ကျေနပ်သင့်ပါတယ်။ (၁-၁)လောက်ပဲ ဖြစ်လိမ့်မယ်။
ဟန်ဂေရီ နှင့် အင်္ဂလန်
ဟန်ဂေရီက လျှော့တွက်လို့မရတဲ့ အသင်းဆိုတာကို ယူရိုပြိုင်ပွဲမှာ သက်သေပြနိုင်ခဲ့တယ်။ ကံဆိုးလို့သာ နောက်တစ်ဆင့်မတက်နိုင်ခဲ့ပေမဲ့ ပေါ်တူဂီကို ပွဲပြီးခါနီး ဂိုးတွေပေးလိုက်ရပြီး ရှုံးတာ၊ ပြင်သစ်နဲ့ ဂျာမနီတို့လို အားကောင်းတဲ့အသင်းတွေကို သရေခံကစားခဲ့တာတွေက အင်္ဂလန်အသင်းကို ကစားမယ့်ပုံစံလည်း ဖြစ်နိုင်တယ်။ အင်္ဂလန်ကလည်း ယူရိုပြိုင်ပွဲတစ်လျှောက်လုံံး ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဗိုလ်လုပွဲအထိ တက်ခဲ့တဲ့အသင်းဖြစ်တယ်။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းက အားကောင်းသလို၊ တစ်ဦးချင်းခြေစွမ်း၊ အသင်းလိုက်စုဖွဲ့မှုတွေလည်း အားကောင်းတယ်။ ဒါပေမဲ့ ဟန်ဂေရီမြေဖြစ်နေလို့ အင်္ဂလန် ခက်ခက်ခဲခဲကစားရမယ်ထင်တယ်။ မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။
အီတလီ နှင့် ဘူလ်ဂေးရီးယား
ယူရိုပြိုင်ပွဲရဲ့ ချန်ပီယံ အီတလီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဒီအရှိန်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ လက်ရှိ အီတလီအသင်းရဲ့လူစာရင်းက ကမ္ဘာ့ထိပ်တန်းကစားသမားတွေဆိုတာထက် အရည်အသွေးမြင့်ပြီး မာကျောတဲ့ ကစားသမားတွေ စုဖွဲ့ထားတဲ့အသင်းမျိုးပါ။ ဘူလ်ဂေးရီးယား သေချာပေါက် ရှုံးပွဲတွေ့လိမ့်မယ်။
ချက် နှင့် ဘီလာရုစ်
ချက်အသင်းက ယူရိုမှာ အကောင်းဆုံးပုံစံပြခဲ့ပြီး ရောက်သင့်တာထက် ပိုရောက်အောင်သွားနိုင်ခဲ့တယ်။ ပက်သရစ်ရှစ်ခ်က ထိပ်တန်းအဆင့်ကိုရောက်လာပြီး ယုံကြည်မှုလည်း ရှိလာတယ်။ ဘီလာရုစ်အတွက် ဂိုးပြတ်မရှုံးရင်ပဲ ကျေနပ်ရမှာပါ။ ဒါပေမဲ့ ဂိုးပြတ်ဖို့များပါတယ်။
လက်ချင်စတိန်း နှင့် ဂျာမနီ
ဂျာမနီအသင်းက ယူရိုမှာ အကောင်းဆုံးပုံစံမပြနိုင်ခဲ့ဘူး။ ဒါပေမဲ့ အရည်အသွေးမြင့် ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး လူငယ်တွေ ခြေစွမ်းပြတဲ့အချိန်လည်းဖြစ်လာတယ်။ ဟန်ဆီဖလစ်ခ်လက်ထဲကို အားကောင်းပြီး အရှိန်ရတဲ့အသင်းရောက်လာတာဖြစ်ပြီး ဂျာမနီက ပိုကောင်းလာမယ်လို့ ယူဆရတယ်။ ဂျာမနီ ဂိုးပြတ်သွင်းလိမ့်မယ်။
အက်စ်တိုးနီးယား နှင့် ဘယ်လ်ဂျီယံ
ဘယ်လ်ဂျီယံက ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ ချန်ပီယံ အီတလီကို ရှုံးပြီး ထွက်ခဲ့ရပေမဲ့ ပရိသတ်ကြိုက်အောင် ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်တယ်။ ဟာဇက် ခြေကျသလိုဖြစ်သွားတာက ဘယ်လ်ဂျီယံရဲ့ အရှိန်အဝါကိုပါ ထိခိုက်သွားစေပေမဲ့ အားကောင်းနေဆဲပါ။ အက်စ်တိုးနီးယားဆိုတာ ဘယ်လ်ဂျီယံအတွက် ဂိုးပြတ်သွင်းနေကျ ပွဲတစ်ပွဲမျိုးပါပဲ။
ပိုလန် နှင့် အယ်လ်ဘေးနီးယား
ပိုလန်က နိုင်ပွဲမရတာ တော်တော်လေးကြာပါပြီ။ ဒါပေမဲ့ စပိန်၊ ဆွီဒင်တို့ကို ကစားခဲ့တဲ့ခြေစွမ်းက တော်တော်လေးကောင်းပြီး အားကောင်းတဲ့အနေအထား ရှိနေဆဲပါ။ အယ်လ်ဘေးနီးယားကလည်း ဥရောပရဲ့ အသင်းငယ်တွေထဲမှာ လျှော့တွက်လို့မရတဲ့အသင်းဖြစ်ပြီး ပိုလန်အတွက်လည်း အခက်အခဲတော့ရှိတယ်။ ပိုလန် ကပ်နိုင်ဖို့များတယ်။