ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သူ လာပေါ်တာက ရွေးကောက်ပွဲတွင် မိမိ အနိုင်မရခဲ့ပါက မက်ဆီအနေဖြင့် အသင်းမှထွက်ခွာသွားလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် အသင်းဥက္ကဋ္ဌရာထူးမှ ဘာတိုမူ နုတ်ထွက်သွားပြီးနောက် ဥက္ကဋ္ဌသစ်ရွေးချယ်တင်မြှောက်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကြန့်ကြာနေပြီး ဥက္ကဋ္ဌရွေးကောက်ပွဲကို မတ်လ (၇)ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။
ဘာစီလိုနာဥက္ကဋ္ဌရာထူးအတွက် လာပေါ်တာ၊ ဗစ်တာဖွန်နှင့် တိုနီဖရက်ရှာတို့ (၃)ဦး ရွေးကောက်ခံမည်ဖြစ်ပြီး ဥက္ကဋ္ဌဟောင်း လာပေါ်တာမှာ ရေပန်းအစားဆုံးဖြစ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
အခြားဥက္ကဋ္ဌရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများသည် မက်ဆီနှင့်ပတ်သက်ပြီး ပြောဆိုမှုနည်းပါးသော်လည်း လာပေါ်တာသည် မက်ဆီကို အဓိကထားကာ မဲဆွယ်နေခြင်းဖြစ်သည်။
အသက် (၃၃)နှစ်အရွယ်ရှိ မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်နေသူဖြစ်သည်။
လာပေါ်တာက ”လီယို(မက်ဆီ)နဲ့ ကျွန်တော့်အကြားမှာ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ကျွန်တော်သာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ဘယ်လိုကမ်းလှမ်းမှုပဲလုပ်လုပ် မက်ဆီက လက်ခံစဉ်းစားပါလိမ့်မယ်။ တကယ်လို့ ရွေးကောက်ပွဲမှာသာ ကျွန်တော် အနိုင်မရခဲ့ဘူးဆိုရင်တော့ မက်ဆီလည်း အသင်းက ထွက်ခွာသွားပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။