ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက အွန်လိုင်းမှ စော်ကားတိုက်ခိုက်မှုများအတွက် လူမှုကွန်ရက်ကုမ္ပဏီများအနေဖြင့် ဘောလုံးသမားများနှင့် တွေ့ဆုံဆွေးနွေးသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။
လူကာကူက CNN နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည့် အခြေအနေဖြစ်သည်ဟုလည်း သုံးသပ်ခဲ့သည်။
လူကာကူက ”နယ်ပယ်စုံက လူတွေ အားလုံး တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက လက်ရှိ ဘောလုံးသမားတွေကိုတင် ကာကွယ်ပေးဖို့ လိုအပ်နေတာ မဟုတ်ပါဘူး။ ပရိသတ်တွေရော၊ ပရော်ဖက်ရှင်ဘောလုံးသမားဖြစ်လာဖို့ ရည်မှန်းထားတဲ့ လူငယ်တွေကိုရော ကာကွယ်ပေးရမယ့် အခြေအနေပါ။ ကလပ်အသင်းတိုင်းက အသင်းခေါင်းဆောင်တွေ၊ နာမည်ကျော်ကစားသမားတွေ၊ လူမှုကွန်ရက်ကုမ္ပဏီတွေနဲ့ ဘောလုံးအဖွဲ့အစည်းတွေက အမှုဆောင်ချုပ်တွေ၊ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် လူကာကူက ပွဲမစမီ ဒူးထောက်သည့်အစီအစဉ်မှာလည်း အောင်မြင်မှုရရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။
ဘောလုံးသမားများအား လူမှုကွန်ရက်များ၌ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှုများဖြင့် စော်ကားတိုက်ခိုက်မှုများ မြင့်တက်နေသောကြောင့် လူကာကူက ယခုကဲ့သို့ အကြံပြုခဲ့ခြင်းလည်းဖြစ်သည်။