spot_img

အေဘရာမိုဗစ်ချ်နှင့် တွေ့ဆုံခဲ့ပြီးနောက် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိဟု တူဟယ်လ် အရိပ်အမြွက်ပြောကြား

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နှင့် တွေ့ဆုံခဲ့ပြီးနောက် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။

ဂျာမန်နည်းပြဖြစ်သူ တူဟယ်လ်သည် ချယ်လ်ဆီးအသင်းအား ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ၁၈ လ စာချုပ်သာ ချုပ်ဆိုထားသည်။

myan789

၎င်းအနေဖြင့် ချယ်လ်ဆီးနည်းပြဘဝ လေးလအတွင်းမှာပင် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီဖြစ်သလို FA ဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေခြင်းဖြစ်သည်။

”၁၀၀ ရာခိုင်နှုန်းတော့ ကျွန်တော်သေချာမသိပါဘူး။ ဒါပေမဲ့ အခု ဒီဆုဖလားကြောင့် စာချုပ်သစ်အတွက် ကမ်း လှမ်းခံရနိုင်ပါတယ်။ အဲဒီလို ဖြစ်နိုင်ခြေရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်မန်နေဂျာက တစ်ခုခုပြောပေမဲ့ ကျွန်တော် မသိပါဘူး။ အဲဒီဟာကို အရင်ဆုံး စစ်ဆေးကြည့်ရအောင်။ အခုပဲ ကွင်းထဲမှာ အသင်းပိုင်ရှင်နဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ ဒါက ပထမဆုံးတွေ့ဆုံမှုအတွက် အကောင်းဆုံး အခိုက်အတန့်ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါမှမဟုတ် အခုကစပြီး ပိုဆိုးသွားတာလည်း ဖြစ်နိုင်တယ်။ မနက်ဖြန် ဒါမှမဟုတ် နောက်ပိုင်းရက်တွေမှာ ကျွန်တော်တို့ ပြောဖြစ်မှာပါ။ ပြောဖြစ်မယ်လို့လည်း ကျွန်တော်မျှော် လင့်ထားပါတယ်။ ကျွန်တော့်ဘက်က သူ့ကို အာမခံနိုင်တာ ဆုဖလားတွေ ထပ်ယူချင်သေးပြီး အောင်ပွဲဆာလောင်မှုတွေ ရှိနေသေးတယ် ဆိုတာပါပဲ။ ရည်မှန်းချက်ကြီးတဲ့ကလပ်ရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရတဲ့အတွက် ပျော်ရွှင်တယ်လို့ ခံစားရပါတယ်”ဟု တူဟယ်လ်က ပွဲအပြီးတွင် ပြောကြားသည်။

တူဟယ်လ်သည် လက်ရှိတွင် (၁၈)လစာချုပ်(တစ်နှစ်သက်တမ်းတိုးခွင့်ရှိ) ချုပ်ဆိုထားပြီး စာချုပ်သစ်တွင် ၂၀၂၃ ခုနှစ်(တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်ရှိမည့်အချက် ပါဝင်မည်) အထိ သက်တမ်းတိုးသွားဖွယ်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် လာမည့်ရာသီအတွက် ဦးစားပေးအဆင့် Pot-1 အဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

Pot-1 တွင် လက်ရှိချန်ပီယံ ချယ်လ်ဆီး၊ ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးယဲလ်အသင်းတို့နှင့်အတူ လာလီဂါချန်ပီယံ အက်သလက်တီကို၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး၊ စီးရီးအေချန်ပီယံ အင်တာမီလန်၊ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်၊ လီဂူး-၁
ချန်ပီယံ လိုင်လီ၊ ပရီးမီးယားလီဂါချန်ပီယံ စပို့တင်းလစ္စဘွန်းအသင်းတို့ ပါဝင်နေသည်။

Pot-2 တွင် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ PSG၊ မန်ယူ၊ လီဗာပူးလ်၊ ဆီဗီလာနှင့် ဒေါ့မွန်အသင်းတို့ ပါဝင်နေရာ ချယ်လ်ဆီးအနေဖြင့် အုပ်စုအဆင့်မှာပင် နာမည်ကြီးအသင်းများနှင့် ဆုံတွေ့ဖွယ်ရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular