အာဆင်နယ်ကွင်းလယ်လူဟောင်း ရေးပါလာက အူဘာမီယန်းအား ဆက်ထိန်းရန် အာဆင်နယ်အသင်းကို တိုက်တွန်းပြောကြားခဲ့သည်။
အသက် (၃၂)နှစ်အရွယ်ရှိ အူဘာမီယန်းသည် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာတွင် စည်းကမ်းပိုင်းချိုးဖောက်မှုဖြင့် အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ယင်းကတည်းက အူဘာမီယန်းကို အသင်းတွင် အသုံးပြုခြင်းမရှိတော့ဘဲ ဒူဘိုင်းခရီးစဉ်မှလည်း ချန်လှပ်ခဲ့ရာ အူဘာမီယန်းအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်သိမ်းမီ အသင်းမှထွက်ခွာရဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
သို့သော် အာဆင်နယ်ကွင်းလယ်လူဟောင်း ရေးပါလာက အသင်းအနေဖြင့် အူဘာမီယန်းကို လိုအပ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရေးပါလာက “အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို လိုအပ်နေတုန်းပါပဲ။ အာတီတာအနေနဲ့ အူဘာမီယန်းကို အခွင့်အရေး နောက်တစ်ကြိမ် ထပ်ပေးသင့်ပါတယ်။ သူက အခုထက်ထိ ကောင်းနေတုန်းဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ဂိုးတွေ သွင်းပေးနိုင်စွမ်း ရှိနေတုန်းပါပဲ”ဟု ပြောကြားခဲ့သည်။
အူဘာမီယန်းသည် အာဆင်နယ်အသင်းနှင့် ၂၀၂၃ ခုနှစ် ဇွန်လ (၃၀)ရက်အထိ စာချုပ်သက်တမ်းရှိနေသူပြီး ၎င်းကို အငှားဖြင့် ခေါ်ယူရန် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။