ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလကြာရှည် အနားယူရမည်ဖြစ်သော်လည်း ကစားသမားဘဝမှ အနားယူဦးမည်မဟုတ်ဟု အေစီမီလန်အသင်း နည်းစနစ်ဒါရိုက်တာဖြစ်သူ ပေါ်လိုမာလ်ဒီနီက ပြောကြားခဲ့သည်။
အီဘရာဟီမိုဗစ်၏အခြေအနေနှင့် ပတ်သက်ပြီး မာလ်ဒီနီက ”ကျွန်တော် နားလည်ထားတာကတော့ သူ ဘောလုံးဆက်ကစားချင်သေးတယ်ဆိုတာပါပဲ။ ရက်သတ္တပတ်နှစ်ပတ်အတွင်း ကျွန်တော်တို့ တွေ့ဆုံဖို့ရှိပါတယ်။ သဘောတူညီမှုရဖို့ ဘာပြဿနာမှလည်း ရှိမှာမဟုတ်ပါဘူး။ သူက ဘောလုံးကစားတာကို လွယ်လွယ်ကူကူ ရပ်တန့်ဖို့မရှိတာကတော့ အသေအချာပါပဲ။ လာမယ့်နှစ်ပတ်အတွင်း ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရအောင်ပါ”ဟု Gazzetta dello Sport သတင်းစာသို့ ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အသက် (၄၁)နှစ် ပြည့်တော့မည့် အီဘရာဟီမိုဗစ်သည် လာမည့် ဇွန်လ (၃၀) ရက်တွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။