တူရကီကလပ် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေပြီဟု သတင်းထွက်နေသည့် အာဆင်နယ်နာမည်ကြီးကွင်းလယ်လူ အိုဇေးလ်၏အနာဂတ်နှင့်ပတ်သက်ပြီး လာမည့်ရက်အနည်းငယ်အတွင်း ရှင်းရှင်းလင်းလင်းသိရမည်ဟု ဖီနာဘာချီအသင်း နည်းပြ အီရိုးလ်ဘူလူက အတည်ပြုပြောကြားခဲ့သည်။
ဘူလူက “အိုဇေးလ်ရဲ့အခြေအနေကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ရှင်းရှင်းလင်းလင်း သိရပါလိမ့်မယ်။ သူ့ရဲ့ ဂုဏ်သတင်းက အလွန်ကြီးမားပါတယ်။ သူ ရောက်မလာမီ ကျွန်တော့်အနေနဲ့ တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ မဖြစ်နိုင်ပါဘူး”ဟု beIN Sports ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ဂျာမန်မီဒီယာ Sport 1 က ဂျာမန်ကွင်းလယ်လူ အိုဇေးလ်သည် တူရကီထိပ်သီးကလပ်အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်နေပြီး ယခုအပတ်အတွင်း ဖီနာဘာချီအသင်းဒါရိုက်တာများနှင့် အွန်လိုင်းဆွေးနွေးမှုပင် ပြုလုပ်ထားပြီးဖြစ်သည်ဟု ရေးသားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်သူ အိုဇေးလ်သည် ဖီနာဘာချီအသင်းနှင့် (၃)နှစ်ခွဲသက်တမ်းရှိစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးရန် သဘောတူခဲ့သည်ဟု သိရသည်။
အာဆင်နယ်အသင်းတွင် တစ်ပတ်လစာ ပေါင်(၃)သိန်းခွဲရရှိနေသည့် အိုဇေးလ်အနေဖြင့် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ဖြစ်လျှင် ပေါင် (၉)သောင်းဝန်းကျင်းသာ ရဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် ယခုရာသီကုန်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး စာချုပ်သက်တမ်း ပြည့်သည်အထိဆက်ရှိနေလျှင် အာဆင်နယ်အသင်းအနေဖြင့် သစ္စာစောင့်သိကြေး(Loyalty Bonus) ပေါင် (၈)သန်းကို ပေးချေရဖွယ်ရှိကြောင်း သိရသည်။