ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် ၂ခု အတွင်း စံချိန်တင် ငွေသုံးစွဲမှုတွေ လုပ်ခဲ့ပေမယ့် ၊ တခုခု လိုအပ်နေဆဲ ဖြစ်ကာ ၊ ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း အခုချိန်ထိ သိသိသာသာ တိုးတက်မှု ရှိမလာသေးတာကို တွေ့ရပါတယ် ။
လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနို လက်အောက်မှာ ချဲလ်ဆီးရဲ့ ကစားပုံက တိုက်စစ် အသားပေး ဆန်လာပေမယ့် ၊ အခွင့်အရေး အဆုံးသတ်နိုင်စွမ်းနဲ့ ခံစစ် ပေါ့လျော့မှုတွေကို လျှော့ချဖို့ကတော့ အခက်အခဲ ရှိနေဆဲ ဖြစ်ပါတယ် ။
ဒီတော့ လာမယ့် ဇန်နဝါရီ စျေးကွက် သို့မဟုတ် နောက်နှစ် နွေရာသီ စျေးကွက်မှာ ခြင်္သေ့ပြာတို့ ဒေါင်ဒေါင်မြည် အထောင် တိုက်စစ်မှူး တဦးနဲ့ ခံစစ်မှူး တဦး ဖြည့်တင်းနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းရပါတယ် ။
ရှေ့စျေးကွက် ၂ခုတုန်းကလို ကစားသမား အမြောက်အမြား တပြိုင်တည်း ခေါ်မှာ မဟုတ်ပေမယ့် ၊ လိုအပ်တဲ့ နေရာ တနေရာချင်းစီ အတွက်တော့ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်တွေ ငွေသုံးကြမ်းနိုင်ပါတယ် ။
အထူးသဖြင့် အထောင်တိုက်စစ် အတွက် ချဲလ်ဆီးဟာ အသင်းပြောင်းချင်နေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ဆိုရင် အနည်းဆုံး ပေါင်သန်း ၁၀၀ ထုတ်သုံးရဦးမှာ ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်က အခုလိုပဲ သတိပေးစကား ဆိုသွားပါတယ် ။
Amazon Prime နဲ့ တွေ့ဆုံခဲ့ရာမှာ ဟက်ဆယ်ဘိန့်ခ် က ” ချဲလ်ဆီးဟာ ပြောင်းရွှေ့ကြေး ပမာဏကို မကြောက်ပါဘူး ။ ဒါပေမယ့် နောက်ထပ် စျေးကွက် ကာလ တခု ရောက်လာလို့ တိုက်စစ်မှူးသစ် တဦး ထပ်ခေါ်မယ်ဆိုရင် ဒါက အဝတ်လဲခန်း အတွက် မှန်ကန်တဲ့ လုပ်ရပ် တခုလို့ ကျွန်တော် မမြင်ပါဘူး ။ ခင်ဗျားဟာ အဝတ်လဲခန်းကို လူလျှံနေအောင် ထပ်လုပ်သလို ဖြစ်သွားပါမယ် ။ ”
” အခု ခင်ဗျားမှာ တိုက်စစ်မှူး ၃ဦး ရှိနေနှင့်ပြီးသားပါ ။ အိုဆီမန် ဒါမှမဟုတ် ( အိုင်ဗန် ) တိုနီကို ခေါ်ချင်ရင်တော့ ခင်ဗျားဟာ ရှိပြီးသား တိုက်စစ်မှူး တယောက်လောက် အရင် ရောင်းထုတ်ရပါလိမ့်မယ် ။ ဇန်နဝါရီ စျေးကွက်ဟာ အပြောင်းအရွှေ့ လုပ်ဖို့ အခက်ခဲဆုံး ကာလ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
လက်ရှိမှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ဇယားရဲ့ အဆင့် ၁၀ မှာ ရပ်တည်နေဆဲ ဖြစ်ပြီး ၊ အဲဗာတန်နဲ့ ပွဲကို နိုင်ခဲ့ရင်တောင် အဆင့်တက်ဦးမှာ မဟုတ်သလို ၊ အဆင့် ၄ နေရာက မန်စီးတီးနဲ့ ရမှတ် ၁၁မှတ် အထိ ကွာနေပါတယ် ။ ဟက်ဆယ်ဘိန့်ခ်ကတော့ သူ့အသင်းဟောင်း ဒီရာသီ Top 4 ဝင်မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ခန့်မှန်းသွားပါတယ် ။
ဟက်ဆယ်ဘိန့်ခ် က ” လက်ရှိ တိုက်စစ် ရွေးချယ်စရာတွေ အရ သူတို့ဟာ Top 4 ထဲ ဝင်ဖို့ လုံလုံလောက်လောက် မကောင်းနေသေးပါဘူး ။ သူတို့ဟာ Top 4 လည်း ဝင်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဒါပေမယ့် ( ခရစ်တိုဖာ ) အန်ကွန်ကူ မကြာခင် ပြန်လာနိုင်တော့မှာပါ ။ သူတို့မှာ တခြား ဒဏ်ရာ ပြဿနာ အနည်းငယ်လည်း ရှိနေပါသေးတယ် ။ ”
” ဒါပေမယ့် သူတို့ရဲ့ အဝတ်လဲခန်းက အခြေအနေတွေကို ကျွန်တော် စိုးရိမ်မိပါတယ် ။ ဒါက ပိုပြီး အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော့ကို အထင်မလွဲပါနဲ့ ။ ဒါတွေက အသက်ငယ်ရွယ်တဲ့ ကစားသမားတွေပါ ။ တိုးတက်နေဆဲ ကာလမှာပဲ ရှိသေးပေမယ့် ၊ ဒီနေ့ပွဲမှာ သူတို့ဆီကနေ ကျွန်တော် ဒီထက် ပိုပြီး မျှော်မှန်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။