အာဆင်နယ်အသင်းနည်းပြ အာတီတာက မိမိအနေဖြင့် အာဆင်နယ်အသင်းတွင် အနာဂတ်ဆက်ရှိနေမည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သော ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဗီလာရီးယဲလ်အသင်းအား အနိုင်မကစားနိုင်ခဲ့ဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် အာတီတာအပေါ် ဖိအားများ ပြင်းထန်စွာ ကျရောက်လျက်ရှိသည်။
အာတီတာအား ပြီးခဲ့သည့် အာဆင်နယ် – ဝက်စ်ဘရွန်းပွဲအတွက်ပြုလုပ်သော ပွဲကြိုမီဒီယာတွေ့ဆုံပွဲ၌ ၎င်းအနေဖြင့် အာဆင်နယ်အသင်းနည်းပြအဖြစ် ရေရှည်ဆက်ရှိနေမည်လားဟု သတင်းသမားများက မေးမြန်းခဲ့ရာ ၎င်းက ”ကျွန်တော့်အနေနဲ့ အသင်းကို အပြောင်းအလဲတွေပြုလုပ်ဖို့ လိုအပ်နေတယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပြောင်းလဲမှုတချို့ပြုလုပ်ခဲ့ပေမဲ့ မလုံလောက်သေးပါဘူး။ အသင်းပိုင်ရှင်တွေကလည်း အပြောင်းအလဲတွေလုပ်ဖို့ ဆန္ဒ ရှိနေပါတယ်။ ကျွန်တော် ဒီအသင်းကို ဦးဆောင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆရင် ဒီနေရာမှာ ဆက်ထိုင်နေမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။