အလန်ရှီးယား က မန်စီးတီး ၄-၁ အာဆင်နယ် ပွဲအပြီးမှာ မန်စီးတီး အသင်း ရဲ့ ကြယ်ပွင့် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဟာလန်း နှင့် ဒီဘရိုင်းနား တို့ကို ချီးကျူး ပြောဆို သွားခဲ့ပါတယ် ။ ဒီမနက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) မှာ မန်စီးတီး အသင်းဟာ ဒီဘရိုင်းနား ၊ ဂျွန်စတုန်း ၊ ဟာလန်း တို့ရဲ့ သွင်းဂိုးတွေ နဲ့ အာဆင်နယ် အသင်းကို ဂိုးပြတ် အနိုင် ရသွားခဲ့တာပါ ။
အာဆင်နယ် နဲ့ ပွဲမှာ မန်စီးတီး အသင်းရဲ့ နာမည်ကျော် duo ဟာလန်း နှင့် ဒီဘရိုင်းနား တို့ဟာ သွင်းဂိုး ၃ ဂိုး ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် နိုင်ခဲ့ကြပါတယ် ။ စီးတီး ဟာ လက်ရှိ အချိန်မှာ အာဆင်နယ် ထက် နှစ်ပွဲလျှော့ ကစားပြီး ရမှတ် ၂ မှတ် အကွာ အနေအထားမှာ ရှိနေပါတယ် ၊ စီးတီး ဟာ ဒီရာသီမှာ ဖလား သုံးလုံး မျှော်မှန်းနေတဲ့ အသင်း ဖြစ်ပီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် ၊ အက်ဖ်အေဖလားမှာ ဖိုင်နယ်ရောက်နေပါတယ် ။
ဒီရာသီ စီးတီး ရဲ့ အမြင့်ပျံသန်းမှုမှာ ဒီဘရိုင်းနား နှင့် ဟာလန်း တို့က အဓိက ကျပြီး ဟာလန်း က ပြိုင်ပွဲစုံ သွင်းဂိုး ၄၉ ဂိုး ၊ဒီဘရိုင်းနား က ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု ၂၇ ကြိမ် ပြုလုပ် ထားပါတယ် ။ ဒီမနက် ပွဲအပြီးမှာတော့ အလန်ရှီးယား က ” ဟာလန်း နှင့် ဒီဘရိုင်းနား တို့ နှစ်ဦးက ဒီနေ့ညမှာ တကယ့်ကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ကစားသမား နှစ်ဦး ဖြစ်ခဲ့ပါတယ် ။ သူတို့က အာဆင်နယ် အသင်းရဲ့ ဗဟို နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဟိုးလ်ဒင်း နှင့် ဂါဘရီရယ် တို့ကို အနိုင်ကျင့် သွားခဲ့တာပါ ။ ”
” တိုက်စစ် ကို ဘောလုံး ရောက်ချိန်တိုင်းမှာ သူတို့ နှစ်ဦးက ဘယ်နေရာကို သွားရမလဲ ၊ဘယ်နေရာကို ပြေးရမလဲ ၊ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း နားလည် သဘောပေါက် နေကြပါတယ် ။ သူတို့ နှစ်ဦးက အချိန်ကိုက် လှုပ်ရှားပြီး အဆုံးသတ် ဂိုးတွေသွင်းသွားကြတာပါ ၊ ဒါ့အပြင် သူတို့က တစ်ယောက် နဲ့ တစ်ယောက် သိပ်မကွာတဲ့ အနေအထားမှာ ရှိနေကြပါတယ် ၊ ဒီဘရိုင်းနား က ဟာလန်း နဲ့ ၅ ကိုက် ၁၀ ကိုက် အကွာအဝေးမှာ အမြဲတမ်း ရှိနေပါတယ် ။ ”
” ပွဲအစကနေ အဆုံး မန်စီးတီး အသင်း ရဲ့ ထူးချွန် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ကို မြင်တွေ့ ခဲ့ရပါတယ် ။ သူတို့ နေရာစုံမှာ လွှမ်းမိုးချုပ်ကိုင် ကစားသွားခဲ့တာပါ ၊ ဒီနေ့ညမှာ ကစားသွားခဲ့တဲ့ ကစားပုံ အချို့က တကယ့်ကို ကောင်းလွန်းတာပါ ။ ”
” ဟာလန်းကလည်း သန်မာလွန်းပါတယ် ၊ သူ သွင်းဂိုး တစ်ဂိုး ရခဲ့ပေမယ့် တကယ်က သုံး လေးဂိုး လောက် ရခဲ့သင့်တာပါ ၊ သူ့ရဲ့ ဒီနေ့ အဆုံးသတ် စွမ်းရည်က ဒီတစ်ရာသီလုံး ကျနော်တို့ မြင်တွေ့နေ ခဲ့ရသလို မဟုတ်ခဲ့ပါဘူး ၊ အာဆင်နယ် က စီးတီး ရဲ့ တိုက်စစ်ဆင်မှုတွေကို ဖြေရှင်း နိုင်ခဲ့ခြင်း မရှိပါဘူး ၊ စီးတီး က အာဆင်နယ် ကို အနိုင်ကျင့် ကစားသွားခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။