မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ မာခ့်ဟုချ်စ် ကတော့ အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်းရဲ့နောက်ကနေ လိုက်လံ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ပြီး ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်လိမ့်မယ်လို့ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ၂၀၀၃-၀၄ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူဖို့ ကြိုးပမ်း နေတဲ့ အသင်း ဖြစ်ပြီး လက်ကျန် ၉ ပွဲ ကျန်ချိန်မှာ ဒုတိယနေရာက မန်ချက်စတာ စီးတီး အသင်းကို ရမှတ် ၈ မှတ် အထိ ဖြတ်ထား နိုင်ပါတယ် ။
မန်ချက်စတာ စီးတီး အသင်းရဲ့နည်းပြဟောင်း တစ်ဦးလည်း ဖြစ်တဲ့ မာခ့်ဟုချ်စ် က ချန်ပီယံဆု အတွက် ယှဉ်ပြိုင်ရာမှာ မန်စီးတီး အသင်း ရဲ့ အတွေ့အကြုံ ရှိမှုက အရေးပါပေမယ့် မရတာ ကြာပြီ ဖြစ်တဲ့ အာဆင်နယ် အသင်းပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထောက်ခံ ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် က တကယ့်ကို strong နေတဲ့ အသင်း တစ်သင်းပါ ၊ ကျနော် သူတို့ကို အထင်ကြီး သဘောကျမိပါတယ် ။ အာဆင်နယ် အသင်း ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်ပြီး ရလဒ်တွေ ယိမ်းယိုင် လာမှာပါ လို့ ခင်ဗျားတို့ တွေးမိကောင်း တွေးမိကြမှာပါ ၊ ဒါပေမယ့် သူတို့က အဲ့ဒီ အခြေအနေတွေကို ကျော်ဖြတ်ပြနေပါတယ် ၊ သူတို့ဆီမှာ ချန်ပီယံဆုအတွက် အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့ ပုံစံမျိုးလည်း တွေ့နေရပါတယ် ။ ”

” အာဆင်နယ် အသင်း တောက်လျှောက် ရလဒ်တွေကောင်းပြီး ချန်ပီယံဆု ရသွားရင်လည်း ကျနော် အထူးတလည် အံ့အားသင့်မိမှာ မဟုတ်ပါဘူး ။ မန်စီးတီး အသင်းကတော့ အာဆင်နယ် အသင်းကို တောက်လျှောက် မေးခွန်း လိုက်မေးနေမှာပါပဲ ၊ မေးခွန်းက ဘာလဲဆိုရင် အာဆင်နယ် အသင်း ရာသီကုန်အထိ ခုလို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေမှာလား ၊ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင် နိုင်စွမ်း ရှိရဲ့လားပေါ့ ။ ”

” အဲ့ဒီအပိုင်းမှာ မန်စီးတီး အသင်းက အတွေ့အကြုံ ပိုရှိတာ မှန်ပါတယ် ၊ မန်စီးတီး ကလည်း အာဆင်နယ် အသင်း ကို တောက်လျှောက် လိုက်လံ စမ်းသပ် မေးခွန်းထုတ်နေမှာပါ ၊ ဒါပေမယ့် သူတို့ရဲ့ မေးခွန်းတွေကို အာဆင်နယ် အသင်း ကောင်းကောင်း အဖြေပေးပြီး အလုပ်နဲ့ သက်သေပြနိုင်လိမ့်မယ်လို့ ကျနော်ကတော့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။