နာမည်ကျော် ဘောလုံးစီးပွားရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကီရန်မက်ဂွိုင်းယားက မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် မန်ယူအသင်းအား ရောင်းထုတ်ရန် စဉ်းစားခဲ့လျှင်ပင် လက်ရှိစျေးကွက်တန်ဖိုးထက် (၂) ဆ ပိုရမှသာ ရောင်းထုတ်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် အီလွန်းမက်ခ်က မန်ယူအသင်းကို လွှဲပြောင်းဝယ်ယူမည်ဟု နောက်ပြောင်ရေးသားခဲ့ပြီးနောက် မန်ယူအသင်းအား ဝယ်ယူရန် ကြိုးပမ်းနေသည့်သတင်းများလည်း အသီးသီး ထွက်ပေါ်နေပြိီး လက်ရှိအချိန်တွင် ဗြိတိန်အချမ်းသာဆုံးသူဌေးများထဲမှ တစ်ဦးဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ်က လွှဲပြောင်းဝယ်ယူရန် အသင့်ရှိနေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် ကီရန်မက်ဂွိုင်းယားကမူ ”ဂလေဇာမိသားစု မန်ယူအသင်းကနေ ထွက်သွားနိုင်တဲ့ လမ်းကြောင်းက စျေးနှုန်းမှန်လို့ သူတို့သတ်မှတ်တဲ့ ကမ်းလှမ်းမှုရရှိမှသာဖြစ်ပြီး သူတို့ သတ်မှတ်ထားတဲ့ စျေးနှုန်းမှန်ဆိုတာက လက်ရှိစျေးကွက်ပေါက်စျေးရဲ့ (၂)ဆလောက်ရှိတဲ့ ပမာဏဖြစ်ပါတယ်။ သူတို့က မန်ယူအသင်းရဲ့ အနာဂတ်မှာ ရရှိလာမယ့် အကျိုးအမြတ်နဲ့ တိုးမြင့်လာမယ့် အခြေအနေကိုပါ တွက်ချက်ပြီး ရောင်းချင်တာဖြစ်ပါတယ်”ဟု BBC သို့ ပြောကြားခဲ့သည်။