မန်စီးတီးအသင်းသည် အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ အချက်အလက်မှတ်တမ်းများအတွက် ရူပနက္ခတ္တဗေဒပညာရှင်များကို ခန့်အပ်ကာ တာဝန်ပေးအပ်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် မကြာသေးမီက ရူပနက္ခတ္တဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော လူရီရှောကို အသင်း၏အားကစားသိပ္ပံကဏ္ဍရပ်များအတွက် ခန့်အပ်ခဲ့ပြီး ၎င်းမှာ ဘဏ္ဍာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဟောင်းတစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။
မန်စီးတီးအသင်းသည် မကြာသေးမီကလည်း လူရီရှောကဲ့သို့ ရူပနက္ခတ္တဗေဒပညာရှင်အနည်းဆုံး (၃)ဦးကို အသင်း၌ရာထူးများပေးကာ ခန့်အပ်ခဲ့ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် မန်စီးတီးအသင်း၏ စွမ်းဆောင်ရည်သုံးသပ်မှုများအတွက် အချက်အလက်များကို အဓိကတာဝန်ယူရမည်ဖြစ်ပြီး မန်စီးတီးအသင်းပိုင်ရှင် City Football Group(CFG) မှပိုင်ဆိုင်သည့် အခြားသော ကလပ်အသင်းများတွင်လည်း ယင်းကဲ့သို့ တာဝန်ယူသွားရမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိဘောလုံးလောကတွင် ကစားသမားများ၏ စွမ်းဆောင်ရည်များကို အချက်အလက်များဖြင့် မှတ်တမ်းတင်ကာ နည်းပညာပိုင်းအသုံးချသုံးစွဲမှုများ ပိုမိုများပြားလာပြီး မန်စီးတီးအသင်းမှာ အခြားသောကလပ်အသင်းများထက် နည်းပညာပိုင်းကို ပိုမိုအသုံးချခြင်းဖြစ်ကြောင်း သိရှိရသည်။