ရှက်ဖီးယူနိုက်တက် ၂-၃ မန်ယူ
မန်ယူအသင်းက အဝေးကွင်းမှာ နိုင်ပွဲပြန်ရခဲ့ပေမဲ့ နောက်ဆုံးအချိန်အထိ ရင်ခုန်ခဲ့ရပါတယ်။ တိုက်စစ်ပိုင်းက ကျေနပ်စရာစွမ်းဆောင်ရည်ကို ပြသခဲ့ပေမဲ့ခံစစ်ပိုင်းကတော့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ဒီဟေးယားကို ကျော်ပြီး ပွဲထွက်ခွင့်ရခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်ကရင့်ကျက်ဖို့ လိုနေသေးကြောင်း ပြသခဲ့ပါတယ်။
သူ့ရဲ့ အမှားအယွင်း ကြောင့်ပဲ ပွဲအစ(၅)မိနစ်မှာကတည်းက ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပြီး ဂိုးလ်ဒရစ်က သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာတို့ ခြေစွမ်းပြခဲ့တာကြောင့် မန်ယူအသင်း ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရရှိမယ့် အခြေအနေမျိုးတောင် ပိုင်ဆိုင်ခဲ့ပါတယ်။
တိုက်စစ်မြားဦးမှာ ကစားခဲ့တဲ့ မာစီယဲလ်ကလည်း လိုအပ်ချက် တချို့ရှိပေမဲ့ သွင်းဂိုးတစ်ဂိုး၊ ဖန်တီးမှုတစ်ကြိမ်နဲ့ တာဝန်ကျေတာထက် ပိုခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ကတော့ အကောင်းဆုံး အဆုံးသတ်စွမ်းရည်ကို ပြသသွားနိုင်ခဲ့ပြီး (၂၆)မိနစ်နဲ့ (၅၁)မိနစ်မှာ နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ မာစီယဲလ်က (၃၃)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး (၈၇)မိနစ်မှာ ဂိုးလ်ဒရစ်ကပဲ အိမ်ရှင်အသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။ မန်ယူအသင်းက အဝေးကွင်း(၁၀)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပြီး ပွဲတိုင်းလည်း (၂)ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့ပါတယ်။