လတ်တလောဒဏ်ရာပြဿနာတစ်ခုကြောင့် ကြံ့ခိုင်မှုပိုင်းပြန်လည်ကောင်းမွန်လာဖို့အတွက် ပြင်သစ်လက်ရွေးစင်အသင်းမှာ မပါဝင်နိုင်ခဲ့တဲ့ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆက်ရှိနေပြီး တစ်ဦးချင်းလေ့ကျင့်မှုအစီအစဉ်တွေကို လုပ်ကိုင်နေပါတယ်။
အမ်ဘာပေက အကြောင်းပြချက်အမှားတွေအတွက် သတင်းခေါင်းကြီးပိုင်းတွေမှာ ပါဝင်ခဲ့ရတဲ့ ရက်သတ္တပတ်တစ်ခုအပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြန်လည်ရောက်ရှိလာပါတယ်။ အခုသီတင်းပတ်အတွင်း အမ်ဘာပေနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ရဲ့ဖိအားကြောင့် ပြင်သစ်လက်ရွေးစင်အသင်းမှာ မရွေးချယ်နိုင်ခဲ့ဘူးဆိုတဲ့ ကောလာဟလတွေကို နည်းပြဒက်စ်ချမ့်စ်က ပြတ်ပြတ်သားသား ပယ်ချခဲ့ရပါတယ်။ ဆက်လက်ပြီး ပြင်သစ်အသင်းနဲ့ အစ္စရေးအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်မှာပဲ အမ်ဘာပေရဲ့ ဆွီဒင်နိုက်ကလပ်ခရီးစဉ် ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။
ဒီလိုသတင်းတွေကြောင့် အမ်ဘာပေရဲ့နိုင်ငံ့အပေါ်ထားရှိတဲ့ သစ္စာရှိမှုကို သံသယတွေ ရှိလာခဲ့ကြတာ အံ့သြစရာ မဟုတ်ပါဘူး။ ဒီထက်ပိုဆိုးတာကတော့ အမ်ဘာပေနဲ့ သူ့ရဲ့သူငယ်ချင်းတွေ တည်းခိုခဲ့တဲ့ စတော့ဟုမ်းမြို့ရှိ ဟိုတယ်တစ်ခုမှာ အဓမ္မပြုကျင့်မှုဆိုင်ရာစွပ်စွဲချက်တစ်ခု ပေါ်ပေါက်လာလို့ ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေးနေရတယ်ဆိုတဲ့ သတင်းတစ်ရပ်ကလည်း အသက်-၂၅ နှစ်အရွယ်တိုက်စစ်မှူးအတွက် ထိခိုက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်စတားအနေဖြင့် ဘောလုံးကို အာရုံစိုက်ပြီး လတ်တလောဒဏ်ရာအခြေအနေမှ ကြံ့ခိုင်မှုပိုင်း ပြန်လည်တိုးတက်လာဖို့ လုပ်ဆောင်သွားမယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေပါလိမ့်မယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကြေညာချက်မှာ “ အမ်ဘာပေက ကြံ့ခိုင်မှုပိုင်းတိုးတက်လာဖို့ တစ်ဦးချင်းလေ့ကျင့်မှုအစီအစဉ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ တိုက်စစ်မှူးက ဘယ်ခြေထောက်မှာရှိနေတဲ့ဒဏ်ရာရဲ့ထိုးနှက်ချက်မှ အပြည့်အဝပြန်လည်သက်သာလာဖို့ လေ့ကျင့်ပြင်ဆင်နေတာပါ။ သူက ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာတာဝန်ခံ အန်တိုနီယိုပင်တက်စ်ရဲ့ လက်ညွှန်မှုအောက်မှာ လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်”လို့ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် အမ်ဘာပေရဲ့ Instagram စာမျက်နှာမှာလည်း ကွင်းပြင်ပ တစ်ဦးချင့်လေ့ကျင့်ပြင်ဆင်မှုဓါတ်ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။ တိုက်စစ်မှူးကို လာမယ့်စနေနေ့၊ ဆယ်လ်တာဗီဂိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဒါမှမဟုတ်ရင်တော့ နောက်သုံးရက်အကြာ ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပါဝင်ကစားနိုင်ဖို့ အမ်ဘာပေ အာရုံစိုက်နေပါလိမ့်မယ်။