တန်းတက် ဘရန်းဖို့ဒ် ဟာ မနေ့ညက စတင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ် လို အသင်းမျိုးကို 2-0 နဲ့ အနိုင် ကစားပြပြီး ၊ ကန့်လန့်ကာ အဖွင့်ကို လှလှပပ နဲ့ ဖွင့်လှစ်ပြလိုက်ပါတယ်။
အာတီတာ ရဲ့ အသင်းကတော့ စုစုပေါင်း ဂိုးကန်သွင်းချက် 22 ကြိမ် အထိ ရှိခဲ့ပေမယ့် ၊ ဂိုးပေါက်ကို 4 ကြိမ်ပဲ တည့်ခဲ့သလို ၊ သွင်းဂိုးတွေ ကိုလဲ လွယ်လွယ်ကူကူ နဲ့ ခွင့်ပြုလိုက်ရတာကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ရလျှက် ရှိနေပါတယ်။
ပွဲအပြီးမှာ အာတီတာ ဟာ ဒီပွဲ နဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်ကို အခုလို ပြောပြသွားခဲ့ ပါတယ်။
“ စိတ်ပျက်မိပါတယ် ၊ ကျနော်တို့ စတင်ချင်တဲ့ ကန့်လန့်ကာ အဖွင့်က ဒီလို ပုံစံနဲ့ မဟုတ်ပါဘူး။ ပွဲကို အကောင်းဆုံး ပုံစံနဲ့ မစတင်နိုင်ခဲ့သလို ၊ သွင်းဂိုး တဂိုးကလဲ လွတ်လွတ်ကျွတ်ကျွတ် အနေအထားမျိုးကနေကို ပေးလိုက်ရတာပါ။
Second Ball တွေ ၊ Long Ball တွေ ကို ကျနော့် ကစားသမားတွေ က ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ ပါဘူး။ သူတို့ ဘက်ကလဲ ကျနော့် အသင်းကို ပြသနာတွေ ဖန်တီးပေးနိုင်ဖို့ ဒီဗျူဟာ ကိုပဲ အသုံးပြုသွားတာ ဖြစ်ပါတယ်။ ပြီးရင်တော့ လက်ပစ်ဘောကနေတောင် ဂိုးရအောင် သွင်းပြသွားတယ်လေ။
စိုးရိမ်စရာ ဖြစ်ဖို့ အကောင်းဆုံး အချက်က ပြိုင်ဘက် ဂိုးပေါက် ရှေ့မှာ ကျနော်တို့ ရဲ့ ခြိမ်းခြောက်နိုင်ရမယ့် ပုံစံပါ။ အကြိမ်ဖန်များစွာ 18 ကိုက် ထိပ်မှာရော ၊ အတွင်းထဲမှာပါ အခွင့်ရေးကောင်းတွေ ရခဲ့ပေမယ့် ဂိုးရဖို့ မပြောနဲ့ ဂိုးပေါက်တည့်ဖို့တောင် မလွယ်ကူခဲ့ပါဘူး။ ပရီးမီးယားလိဂ် လို ပြိုင်ပွဲမျိုးမှာ ဒီလို သွားလုပ်ရင် နိုင်ပွဲ ရမှာ မဟုတ်တာ သေချာပါတယ်။
အဓိက ကစားသမား တချို့ မပါဝင်နိုင်လို့ ဆိုတဲ့ ဆင်ခြေမျိုးလဲ မပေးချင်ပါဘူး။ ကိုယ့် အသင်းကိုက ပြိုင်ဘက်ကို အနိုင်ယူပြဖို့ လုံလောက်မှု မရှိခဲ့တာပါ။ အခြေခံ လုပ်ဆောင်ရမယ့် အချက်တွေ ကို မလုပ်နိုင်ခဲ့ဘူးလေ။ ဒီပွဲ က အကြောင်းအရင်းတွေကို ခေါင်းအေးအေး နဲ့ ပြန်လည် သုံးသပ်ပြီး ၊ မှန်ကန်တဲ့ နည်းလမ်းတွေ အမြန်ဆုံး ဆွဲထုတ်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။
ဘရန်းဖို့ဒ် အတွက် အဖွင့်ဂိုး ကို ဆာဂီ ကာနော့စ် ဟာ ဧရိယာထဲကနေ အပြင်းကန်ချက် နဲ့ သွင်းယူသွားခဲ့တာ ဖြစ်ပြီး ၊ ဒုတိယ ဂိုးကိုတော့ လက်ပစ်ဘောကနေ တဆင့် ဂိုးရှေ့မှာ ကျော်ကျလာတဲ့ ဘောလုံးကို နော်ဂတ် က အနီးကပ် ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
Sky Sport ရဲ့ အစီအစဉ် တင်ဆက်သူ ကာရေဂါ ကတော့ ကလေး က လူကြီး ကို ပြန်ပြီး အနိုင်ကျင့်သွားခဲ့တာ လို့ သုံးနှုန်းကာ အာဆင်နယ် ရဲ့ ကစားပုံကို ဝေဖန်သွားခဲ့ ပါတယ်။
“ ဒီပွဲက အာဆင်နယ် ရဲ့ ခံစစ် ကစားပုံကို ဘယ်လို ပြောပြရမလဲ ဆိုရင်…..ဒါက အာဆင်နယ် ပဲလေ လို့ပဲ ပြောရမယ် ထင်ပါတယ်။ ရာသီသစ် စတင်လိုက်ပေမယ့် ၊ ဒီပုံစံဟောင်းကြီးထဲက ရုန်းမထွက်နိုင်သေးပါဘူး။
ဒီပွဲ ဆိုရင် ခံစစ် ကစားပုံက အရမ်း အားနည်းလွန်းတဲ့အပြင် ၊ ကလေးတွေ က လူကြီးကို ပြန်ပြီး အနိုင်ကျင့်သွားသလိုပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။
ဆက်လက်ပြီး ကာရေဂါ နဲ့ တွဲဖက် အစီစဉ် တင်ဆက်ဖော် ဂယ်ရီ နဗီးလ်က “ ပြိုင်ဘက် တိုက်စစ် ကစားသမားတွေ က ဗဟိုခံစစ်မှုးတွေ အနားမှာ ရှုပ်ယှက်ခတ်အောင် နေရာယူထားပြီ ဆိုရင် ဘောလုံး ကစားရ ခက်ပါတယ်။ ဒီပွဲက အဲဒီလို ဖြစ်ခဲ့တာပါ။
အာဆင်နယ် ရဲ့ ကစားပုံကလဲ အရမ်းကို ညင်သာလွန်းပါတယ်။ ဘရန်းဖို့ဒ် ကတော့ ဘောလုံး ဆိုတာ ဒီလို ကစားရတယ် ဆိုပြီး သင်ခန်းတွေ ပေးသွားခဲ့တာပါ။ ဒီလိုခံရတာ အဆိုးဆုံးပါပဲ။
အာဆင်နယ် ဖန်တွေ ကတော့ ငါတို့ အသင်းကို အဝေးကွင်းခေါ်ပြီး အနိုင်ကျင့်သွားတယ်လို့ ပြောကြမယ် ထင်ပါတယ်။
အာဆင်နယ် ရဲ့ အစီအစဉ်တွေက ဘာတွေမှန်း ကျနော်လဲ မသိပါဘူး။ ကစားသမား ခေါ်ယူတဲ့ အပိုင်းမှာလဲ တကယ်ကို အားနည်းပါတယ်။ ဘယ်လို ဗျူဟာတွေ သုံးပြီး ရှေ့ဆက်နေလဲ မသိပါဘူး ။ ကျနော်ကတော့ သူတို့ ရဲ့ ဦးတည်ရာ လားရာကို မခန့်မှန်းတတ်ဘူးဗျာ။ သူတို့ဟာ အရည်အချင်းရှိတဲ့ မန်နေဂျာ တယောက် ပိုင်ဆိုင်ထားတော့ သေချာပါတယ်။ သို့သော်လဲ အဲဒီ မန်နေဂျာက လက်ရှိ ကစားသမားတွေ အားလုံး ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ဆွဲထုတ်နိုင်တယ် ဆိုရင်တောင် အဆင့် 4 အတွင်း ဝင်ရောက်ဖို့ မသေချာသေးပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။