ဘောလုံးလောကတွင် အပြောင်းအရွှေ့စျေးကွက်၌ ငွေကြေးအများဆုံးသုံးစွဲခွင့်ရသည့် နည်းပြနှစ်ဦးအဖြစ် ရပ်တည်နေသော မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့အနက် မော်ရင်ဟိုသည် ဂွါဒီယိုလာထက် ငွေပိုသုံးထားဆဲဖြစ်ကြောင်း စပိန်သတင်းစာ Marca က နှိုင်းယှဉ် ဖော်ပြခဲ့သည်။
မော်ရင်ဟိုသည် လက်ရှိတွင် ဘဏ္ဍာရေးအင်အား မတောင့်တင်းသည့် ရိုးမားအသင်းကို ကိုင်တွယ်နေရသော်လည်း ကစားသမားသစ် ခေါ်ယူမှုအတွက် ယူရို(၉၇.၇)သန်း သုံးစွဲခဲ့သည်။
ထို့ကြောင့် ဂွါဒီယိုလာထက် ယူရိုသန်း(၁၀၀)နီးပါး အသာစီးရနေဆဲဖြစ်ပြီး ဂွါဒီယိုလာအနေဖြင့် ဟာရီကိန်းကို ခေါ်ယူနိုင်မှသာ မော်ရင်ဟိုကို ပြန်လည်ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း Marca က သုံးသပ်ခဲ့သည်။
မော်ရင်ဟိုသည် နည်းပြဘဝတွင် ကလပ်အသင်း(၈)သင်းကို ကိုင်တွယ်ခဲ့ရာ အပြောင်းအရွှေ့စျေးကွက်၌ ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရို(၁၆၈၄)သန်း သုံးစွဲခဲ့သည်။
ဂွါဒီယိုလာမှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီး(၃)သင်းသာ ကိုင်တွယ်ခဲ့ပြီး ယူရို(၁၅၈၈) သန်း သုံးစွဲခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာသည် မန်စီးတီးတစ်သင်းတည်းတွင် ယူရိုသန်း (၁၀၀၀)ကျော်အထိ သုံးစွဲခဲ့ကြောင်းလည်း သိရသည်။