ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းကပဲ ၊ နည်းပြဟောင်း ဖရန့် လမ်းပတ် ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ၊ ဒေါ့မွန် ၊ ပီအက်စ်ဂျီ အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ဂျာမန်သား သောမတ်စ် တူချယ် ကို ၎င်းတို့ရဲ့ နည်းပြသစ် အဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ် ။
တူချယ် ဟာ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာအပြီး ၊ တရက် အကြာမှာ ၎င်းရဲ့ စတမ်းဖို့ဒ်ဘရစ်ချ် မှ ပထမဆုံး ပွဲစဉ် အဖြစ် ၊ ဝုလ်ဗ် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲကို စတင် ကိုင်တွယ်ခဲ့ပါတယ် ။ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် ၊ တူချယ် ဟာ ထိုပွဲအတွင်း လမ်းပတ် လက်ထက်က လုံးဝ အသုံးမပြုဖူးတဲ့ ကစားကွက်ကို ထုတ်သုံးသွားခဲ့ပါတယ် ။
၃ – ၅ – ၂ ကစားကွက် ကို တူချယ် ဟာ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး မိတ်ဆက် ပေးခဲ့သလို ၊ လမ်းပတ် လက်ထက် ရုန်းကန်ခဲ့ရတဲ့ ကစားသမား ၁ဦးစ ၊ ၂ဦးစ ကိုလည်း မတူညီတဲ့ role တချို့မှာ စမ်းသပ် အသုံးပြုသွားခဲ့ပါတယ် ။
အထူးသဖြင့် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ကို တူချယ် ဟာ အထောင် တိုက်စစ်မှူး စင်စစ် တဦး ဖြစ်တဲ့ အိုလီဗီယာ ဂျရူး ရဲ့ နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားစေခဲ့ပါတယ် ။
ထူးထူးခြားခြားပဲ ဟာဗက်ဇ် ဟာ လမ်းပတ် ကိုင်တွယ်ခဲ့စဉ်က ကစားပုံထက် အဆများစွာ သာလွန်အောင် ကစားပြခဲ့တာကို တွေ့ခဲ့ရပါတယ် ။ ဒါ့အပြင် လမ်းပတ် လက်ထက်မှာ ပွဲကစားခွင့် နည်းနည်းပါးပါးသာ ရခဲ့တဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာလည်း Wing-back အနေနဲ့ ကစားခဲ့ရပါတယ် ။
ဟာဗက်ဇ် နည်းတူ အိုဒွိုင်း ဟာလည်း အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ထိုပွဲမှာ မကစားခဲ့ရပေမယ့် ၊ တူချယ် လက်ထက် ဘယ်လို အခန်းကဏ္ဍမျိုးမှာ ကစားရမလဲ ဆိုတာ သေသေချာချာ မသိနိုင်သေးတဲ့ ကစားသမားတွေထဲမှာ ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တေ လည်း ပါဝင်ပါတယ် ။
ကန်တေ ဟာ ဒဏ်ရာကြောင့် ချဲလ်ဆီး အသင်း ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက်ကို လွဲချော်ခဲ့ပေမယ့် ၊ အခုအခါမှာတော့ အသင်း နဲ့ အတူ ပုံမှန် လေ့ကျင့်မှုတွေ ပြန်လည် စတင်နေပါပြီ ။ ဒီမတိုင်ခင် နည်းပြဟောင်း ၂ဦး ဖြစ်တဲ့ မော်ရစ်ဇီယို ဆာရီ ၊ ဖရန့် လမ်းပတ် လက်ထက်တွေမှာ ကန်တေ တယောက် ကွင်းလယ်ခံစစ် စင်စစ် တဦး အနေနဲ့ ကစားခဲ့ရတာ နည်းပါးခဲ့ပါတယ် ။
ဒီတော့ တူချယ် လက်ထက်မှာ ယခင် အန်တိုနီယို ကွန်တီ လက်ထက်က ကျစ်လျစ်မာကျောတဲ့ ကန်တေ ကို တဖန် ပြန်လည် မြင်တွေ့ရမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။ တူချယ် ဟာ ပီအက်စ်ဂျီ အသင်း ကို ကိုင်တွယ်ခဲ့စဉ် က ကန်တေ ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ဖူးလို့ ၊ ၎င်းရဲ့ အလိုအရှိဆုံး ကစားသမား ဆိုတာ မီးမောင်းထိုးပြနေပါတယ် ။
ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ကန်တေ ကို ကွင်းလယ် ရဲ့ ဘယ်လို နေရာမျိုးမှာ အသုံးပြုလိုသလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” ကန်တေ ရဲ့ အားအသန်ဆုံး နေရာက Double Six ( ကွင်းလယ်ခံစစ် ၂ဦးမှ တိုက်စစ် အနည်းငယ်လိုက်ရတဲ့ ကွင်းလယ်လူ ) ဖြစ်တယ် လို့ ကျွန်တော် မြင်ပါတယ် ။ ”
” ကွင်းလယ်ခံစစ် ကဏ္ဍ အတွက် သူ့ကို တကိုယ်တည်း ကစားခွင့်ပေးထားရင်တော့ ၊ သူ့အဖို့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပိုရနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော့ အတွက်တော့ သူဟာ double six ကစားသမားမျိုးပါ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ သူ့ရဲ့ ခွန်အားတွေ ၊ လုပ်အားနှုန်း နဲ့ ကစားအား အတင်အချတွေကို အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်လို့ပါ ။ ”
” ဘောလုံး ပြန်လုယူနိုင်တဲ့ နေရာမှာတော့ သူဟာ ပွဲတပွဲရဲ့ ဘယ်နေရာကမဆို လုပ်နိုင်စွမ်း ရှိပါတယ် ။ နောက်ပြီး သူဟာ အသင်းသားတိုင်း ကို ကြီးမားတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်သူပါ ။ တချိန်တည်းမှာပဲ သူဟာ ပြင်သစ် လက်ရွေးစင် အသင်းကို ကမ္ဘာ့ ဖလား ချန်ပီယံ ဖြစ်အောင် ကူညီ ပံ့ပိုးပေးခဲ့တဲ့ ကမ္ဘာ့ အဆင့် ကွင်းလယ်လူ တဦးလည်း ဖြစ်ပါတယ် ။ ”
” ဒီတော့ သူ့ကို ပိုင်ဆိုင်ခွင့် ရတာ ကျွန်တော့ အတွက် အထူး အထူး အရေးပါလှပါတယ် ။ ခုနက ကျွန်တော် ပြောခဲ့သလိုပဲ ၊ သူ့ရဲ့ အကောင်းဆုံး အခန်းကဏ္ဍ က double six ပုံစံမျိုး ဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီနေရာက သူ့ကို single six ထက် ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးသလို ၊ စည်းမျဉ်းစည်းကမ်း အပိုင်းမှာ သိပ်ပြီး တင်းကြပ်စရာ မလိုအပ်လို့ပါ ။ ”
” ဒီနေရာဟာ သူ့ရဲ့ အားထားရတဲ့ တောင်ပံ ၂စုံကို ချိုးဖြတ်လိုက်တဲ့ သဘောကို အနည်းငယ် သက်ရောက်ကောင်း သက်ရောက်နိုင်ပေမယ့် ၊ ကျွန်တော် ကတော့ သူဟာ double six နေရာမှာ ကစားနိုင်မယ် လို့ အကြွင်းမဲ့ ယုံကြည်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။