လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိ၏ လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီတွင် ချန်ပီယံဆုကို ပြန်လည်ထိန်းသိမ်းရန်မဖြစ်နိုင်တော့ဘဲ ရာသီကုန်၌ အဆင့်(၄)အတွင်းဝင်ရန်သာ ပစ်မှတ်ထားကြိုးစားရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ကလော့ပ်က အဆင့်(၄)အတွင်းဝင်ရန်မှာပင် မိမိတို့အသင်းအတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟုလည်း ဝန်ခံခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရှက်ဖီးယူနိုက်တက်အသင်းနှင့် ကစားမည့်ပွဲအတွက်ပြုလုပ်ခဲ့သော ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် သတင်းထောက်တစ်ဦးက လီဗာပူးလ်အသင်း၏ရာသီကုန်ပစ်မှတ်မှာ အဆင့်(၄)အတွင်းဝင်ရေးဖြစ်လာပြီလားဟု မေးမြန်းခဲ့ရာ
ကလော့ပ်က ”ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ လက်ကျန်ပွဲတွေမှာ တတ်နိုင်သလောက် နိုင်ပွဲတွေရယူပြီး ရာသီကုန်အထိ စောင့်ကြည့်ရပါမယ်။ လက်ရှိအသင်းရဲ့အနေအထားက အကောင်းဆုံးမဟုတ်တာကြောင့် ကျွန်တော်တို့ တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားရမှာပါ”ဟု ပြောကြားခဲ့သည်။
ကလော့ပ်က ယင်းကဲ့သို့ ဝန်ခံပြောကြားခဲ့သော်လည်း သူ၏လီဗာပူးလ်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် မလိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိလီဗာပူးလ်အသင်းတွင် ကစားသမား(၁၂)ဦးမှာ အသက်(၂၈)နှစ်ကျော်အရွယ်များဖြစ်ပြီး ယင်း(၁၂)ဦးထဲမှ (၉)ဦးမှာ လက်ရှိအသင်းတွင် ပုံမှန်ပါဝင်ကစားနေကြသူများဖြစ်သည်။
ယခုရာသီတွင် လီဗာပူးလ်အသင်းမှာ ယခင်ရာသီက စွမ်းဆောင်မှုများနှင့်များစွာကွာခြားခဲ့ပြီး ရလဒ်များဆိုးရွားခဲ့ခြင်းကြောင့် အသင်းကို ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်နေကြောင်း ပြောဆိုမှုများရှိနေရာ ကလော့ပ်က ”ကျွန်တော့်အမြင်အရတော့ လက်ရှိအသင်းကို ကြီးကြီးမားမားပြုပြင်စရာ မလိုအပ်ပါဘူး။ ဒီရာသီမှာ ပြဿနာရှိခဲ့တာက အရင်တုန်းက အတူယှဉ်တွဲကစားခဲ့ရတဲ့ ကစားသမားတွေအားလုံး ဒီရာသီမှာ တစ်စုတစ်စည်းတည်းမကစားခဲ့ရတာပါ”ဟု ပြောကြားခဲ့သည်။
ကလော့ပ်၏ လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ကစားသမားများဒဏ်ရာရပြဿနာကို ကြီးမားစွာကြုံတွေ့ခဲ့ရပြီး အဓိကနောက်ခံလူ ဗန်ဒိုက်အပါအဝင် ကစားသမားအများအပြားကို ဒဏ်ရာများကြောင့် အနားပေးခဲ့ရသည်။
ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ပွဲကစားအပြီးတွင် လီဗာပူးလ်အသင်းအနေဖြင့် ရမှတ်(၄၀)မှတ်သာ ရရှိခဲ့ပြီး ပြီးခဲ့သည့်ရာသီက ရမှတ်ထက် (၂၂)မှတ်လျော့နည်းခဲ့သည်။