အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစား ခဲ့သည့် ယူရို-၂၀၂၀ ဗိုလ်လုပွဲ၌ အင်္ဂလန်အသင်းအတွက် (၅)လုံးမြောက် နောက်ဆုံးပယ်နယ်တီကို ဝင်အောင်မကန်နိုင်ခဲ့သည့် အာဆင်နယ်ကစားသမား ဆာကာသည် လူမှုကွန်ရက်တွင် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ နှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ဆာကာသည် လူမည်းကစားသမားတစ်ဦးလည်း ဖြစ်နေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပရိသတ်တစ်ဦးက ”ငါ့နိုင်ငံက ထွက်သွား”ဟု ရေးသားခဲ့သလို၊ ပရိသတ်တစ်ဦးကလည်း ”နိုင်ဂျီးရီးယားကို ပြန်တော့”ဟု ရေးသားခဲ့သည်။
ယင်းသို့ ရေးသားမှုများအပေါ် Instagram က ”ဒီလိုလုပ်ဆောင်မှုတွေကို ကျွန်တော်တို့ ခွင့်မပြုပါဘူး။ ဒါကြောင့် အမြန်ဆုံးဖယ်ရှားပစ်ခဲ့ပါတယ်။ လိုအပ်တဲ့ ရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်”ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆာကာသည် ပယ်နယ်တီလွဲ ချော်မှုကြောင့် ယခုကဲ့သို့ စော်ကားတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဘောလုံးပွဲသုံးသပ်သူအချို့ကမူ ဆာကာတွင် အပြစ်မရှိကြောင်း၊ ရွေးချယ်ခဲ့သည့် နည်းပြတွင်သာ အပြစ်ရှိကြောင်း၊ ငယ်ရွယ်သော်လည်း ပယ်နယ်တီကန်ရန် ရဲရဲရင့်ရင့်လက်ခံခဲ့သည့် ဆာကာ၏ လုပ်ရပ်မှာ ချီးကျူး စရာဖြစ်ကြောင်း နှစ်သိမ့်ခဲ့ကြသည်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပယ်နယ်တီကန်သွင်းရန် ရွေးချယ်မှုမှာ လေ့ကျင့်ရေးကွင်းမှ ပယ်နယ်တီကန်သွင်းမှုများအပေါ် အခြေခံဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
ဆာကာသည် အသက်(၁၉)နှစ်အရွယ်သာရှိသေးပြီး ယခုယူရိုပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်ပတ်သက်သည့် လူငယ်မှတ်တမ်းမှတ်ရာအချို့ တင်ရှိနိုင်ခဲ့သည်။