ချဲလ်ဆီးအသင်းစတား ပယ်လ်မာတစ်ယောက် ၂၀၂၃ – ၂၄ ရာသီ အင်္ဂလန်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။
ပရိသတ်တော်တော်များများရဲ့မဲပေးမှုမှာ ပယ်လ်မာက ဘယ်လင်ဟမ် နဲ့ ဆာကာတို့ကိုကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။
ပယ်လ်မာဟာ အင်္ဂလန်အတွက် ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက မော်လ်တာကို ၁၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
အဲ့နောက် အင်္ဂလန်အတွက် ၉ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ယူရို ၂၀၂၄ မှာ ၅ ပွဲပါဝင်ကစားခဲ့ကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သြဂုတ်လတုန်းက ပီအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့တဲ့ ပယ်လ်မာဟာ အခုလည်း အင်္ဂလန်အသင်းကပေးအပ်တဲ့ဆုကိုထပ်မံရရှိခဲ့ပါတယ်။
ပယ်လ်မာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက မန်စီးတီးထံကနေ ချဲလ်ဆီးထံပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
လာမယ့် ဂရိ ၊ ဖင်လန်တို့နဲ့ပွဲတွေမှာလည်း ပယ်လ်မာတစ်ယောက် အင်္ဂလန်အတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။
အင်္ဂလန်အသင်းရဲ့အကောင်းဆုံးကစားသမားဆုကို ၂၀၁၀ တုန်းက အက်ရှ်လေကိုးလ်ရရှိပြီးနောက် ပယ်လ်မာက ပထမဆုံးရရှိတဲ့ ချဲလ်ဆီးကစားသမားဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်စတား ဆာကာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အကောင်းဆုံးကစားသမားဆုကို ၂ ကြိမ်ဆက်ရရှိခဲ့ပြီး အဲ့မတိုင်ခင် ဟယ်ရီကိန်း ၊ ရွန်းနီ နဲ့ ဘက်ခမ်းတို့ကရရှိခဲ့ပါတယ်။