စပါးအသင်း၏ နည်းပြဖြစ်သူ အန်တိုနီယိုုကွန်တီက ဝက်စ်ဟမ်းအသင်းနှင့် သရေကျခဲ့သည့်ပွဲစဉ်အပြီးတွင် VAR စနစ်နှင့်ပတ်သက်ပြီး မကျေမနပ်ဖြင့် ပြစ်တင်ဝေဖန်မှု ပြုလုပ်ခဲ့သည်။
စပါးအသင်းသည် ဝက်စ်ဟမ်း အသင်းနှင့်ပွဲစဉ်၏ ပထမပိုင်းတွင် ပယ်နယ်တီရရှိခဲ့သော်လည်း VAR ဒိုင်က ပြန်လည်စစ်ဆေးရန် အသိပေးခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က ပြန်လည်ကြည့်ရှုကာ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ကွင်းလယ် ဒိုင်ဖြစ်သူ ပီတာဘန့်ခ်သည် အာရွန်ခရက်စ်ဝဲလ်၏ လက်ထိဘောကို ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး VAR ဒိုင်ကမူ ပယ်နယ်တီဟု သတ်မှတ်ရန် မလုံလောက်ကြောင်း အသိပေးခဲ့ခြင်းလည်းဖြစ်သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကွန်တီက “ရိုးရိုးသားသားပြောရရင် ပထမပိုင်းအပြီးမှာ ကျွန်တော် ကွင်းလယ်ဒိုင်ဆီကို သွားစကားပြောခဲ့ပါတယ်။ သူ့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ လိုတယ်လို့လည်း ကျွန်တော် ပြောခဲ့ပါတယ်။ VAR ကို ပြန်ကြည့်ဖို့ သတိပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကတော့ မယုံနိုင်စရာပဲ။ ကွင်းလယ်ဒိုင်ဟာ မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ မြင်နိုင်တဲ့အနေ အထားမှာရှိနေလျက်နဲ့ VAR ဒိုင်က ပြန်ကြည့်ဖို့ သတိပေးတာ မယုံနိုင်စရာပဲ။ အင်္ဂလန်နိုင်ငံက VAR စနစ်ကို ဘယ်လိုကောင်းကောင်းမွန်မွန်အသုံးပြုသလဲဆိုတာ သေချာလေ့လာဖို့ လိုနေပါပြီ”ဟု ပြောကြားခဲ့သည်။