မန်ယူတွင်ပို၍ ပို၍ နေရာမရဖြစ်လာခြင်းကြောင့် အင်္ဂလန်ခံစစ်မှူးမက်ဂွိုင်းယားသည် လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းပြောင်းရန် အာရုံစိုက်ကြိုးပမ်းလာဖွယ်ရှိနေသည်။ မက်ဂွိုင်းယားသည်မန်ယူ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေသေးသော်လည်း အသင်းတွင် ပွဲထွက်ခွင့်ဆုံးရှုံးနေသလို ဦးစားပေးအဆင့်မှာလည်း တန်းဟက်၏ လက်အောက်တွင် ပို၍ လျော့ကျလာသည်။
ယူရို ၂၀၂၄ တွင် ဆောက်ဂိတ်၏ အင်္ဂလန်အသင်းတွင် အဓိကနေရာမှ ပါဝင်လိုခြင်းကြောင့် မက်ဂွိုင်းယားသည် ပုံမှန်ပွဲကစားခွင့်ကို လိုလားနေပြီး လာမည့်နွေရာသီတွင် အခြားအသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် စဉ်းစားလာရခြင်းဖြစ်သည်။
ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင်မက်ဂွိုင်းယားကို ရိုးမား အင်တာမီလန်နှင့်ဝက်စ်ဟမ်းအသင်းတို့က စိတ်ဝင်စားနေခဲ့ကြသည်။ နွေရာသီအပြောင်းအရွှေ့တွင် မက်ဂွိုင်းယားကို အဆိုပါအသင်းများက ခေါ်ယူရန် ထပ်မံကြိုးစားလာဖွယ်ရှိနေသော်လည်း အင်္ဂလန်ခံစစ်မှူးအနေဖြင့် မန်ယူတွင်ရရှိနေသော တစ်ပတ်လုပ်ခ ပေါင် ၁၉၀,၀၀၀ ထက်လျှော့ယူရဖွယ်ရှိနေသည်။ မန်ယူသည် မက်ဂွိုင်းယားကို ရောင်းထုတ်ရန် ဆန္ဒပြင်းပြခြင်းမရှိသော်လည်း သင့်လျော်သည့်ပြောင်းရွှေ့ကြေးရရှိပါက တန်းဟက်က အသင်းပြောင်းခွင့်ပေးဖွယ်ရှိနေသည်။
မက်ဂွိုင်းယားသည် မန်ယူနှင့်စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးသည်။