မန်စီးတီးအသင်းဥက္ကဋ္ဌအယ်လ်မူဘာရက်က ယခုနွေရာသီတွင် အသင်း၏ဝါရင့်တိုက်စစ်မှူး အဂွဲရိုး၏နေရာ ပြန်လည်အစားထိုးရန်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးပြန်လည်ခေါ်ယူပေးမည်ဟု ပရိသတ်များအား ကတိပြုပြောကြားခဲ့သည်။
ဗြိိတိန်သတင်းစာ Daily Mail ၏ဖော်ပြချက်အရ မန်စီးတီးအသင်းသည် စပါးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနှင့် ဒေါ့မွန်အသင်းမှ နော်ဝေတိုက်စစ်မှူး ဟော်လန်းတို့ နှစ်ဦးအနက်မှ တစ်ဦးဦးကိုခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
ထို့ပြင် မန်စီးတီးအသင်းသည် အက်စတွန်ဗီလာအသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်ကိုလည်း ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းဥက္ကဋ္ဌ ခါလ်ဒွန်အယ်လ်မူဘာရက်က မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ဖလားရရှိခဲ့ပြီးနောက် အောင်မြင်မှုအပေါ် သာယာနေမည်မဟုတ်ဘဲ အသင်းကို တောင့်တင်းအောင်ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း အထူးသဖြင့် အဂွဲရိုးနေရာပြန်လည်အစားထိုးရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
”ကျွန်တော်တို့ဟာ အရေးပါတဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးကို ဆုံးရှုံးခဲ့ရတာပါ။ သူ့ရဲ့နေရာကို ကျွန်တော်တို့ပြန်ပြီး ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ သူ့နေရာအစားထိုးနိုင်မယ့် သင့်တော်တဲ့ကစားသမားတစ်ဦးရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အယ်လ်မူဘာရက်က ပြောကြားခဲ့သည်။