ဆော်ဒီအိမ်ရှေ့မင်းသား ဦးဆောင်သော PIF လုပ်ငန်းစုက ဝယ်ယူထားသည့် နယူးကာဆယ်အသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် အက်စတွန်ဗီလာအသင်း၌ အငှားလာရောက်ကစားနေသည့် ဘာစီလိုိနာကွင်းလယ်လူ ကော်တင်ဟိုအား ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟိုသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းမှ အက်စတွန်ဗီလာအသင်းထံသို့ ရာသီဝက်အငှားဖြင့် လာရောက်ကစားနေသူဖြစ်သည်။
အက်စတွန်ဗီလာအသင်းအနေဖြင့် ကော်တင်ဟိုအား အငှားခေါ်ယူရာတွင် ပေါင် ၃၃.၅ သန်းဖြင့် အပြီးသတ်ခေါ်ယူ ခွင့်ရှိသည်ဆိုသောအချက်ကို အငှားစာချုပ်၌ ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။
သို့သော် အက်စတွန်ဗီလာအသင်းအနေဖြင့် ယခုရာသီကုန်တွင် ကော်တင်ဟိုအား အပြီးသတ်ခေါ်ယူရန် မဆုံးဖြတ်ရသေးချိန်တွင် နယူးကာဆယ်အသင်းက ၎င်းကိုခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။
စပိန်အားကစားသတင်းစာ Marca ၏ ဖော်ပြချက်အရ နယူးကဆယ်အသင်းသည် ကော်တင်ဟိုအား ဆုကြေး ပေါင် တစ်သန်း ပေးမည်ဖြစ်သလို၊ မြင့်မားသည့် ပြောင်းရွှေ့ ကြေးဖြင့် ဘာစီလိုနာအသင်းထံ ကမ်းလှမ်းရန်လည်း အသင့်ရှိနေကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် ပေါင်သန်း (၉၀) ကျော် သုံးစွဲခဲ့သလို လာမည့်နွေတွင်လည်း ငွေကြေးများစွာ အသုံး ပြုဖွယ်ရှိနေသည်။ ကော်တင်ဟိုသည် အက်စတွန်ဗီလာအသင်းအတွက် ၁၀ ပွဲကစားရာတွင် ၄ ဂိုး သွင်းယူပေးထားသည်။