ယာဂန်ကလော့က မနေ့ညက လီဗာပူးတို့ တော့တင်ဟမ်ကို အန်ဖီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် သူ့အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိပြီး ဒီကစားပုံ အတွက် အရမ်းကို ကျေနပ်မိတယ်လို့ ဆိုလိုက်ပါတယ်။ ကလော့ရဲ့ အသင်းဟာ ပွဲစကတည်းက စပါးကို လွှမ်းမိုး ကစား သွားခဲ့ပြီး အခွင့်အရေးကောင်းတွေ ဖန်တီး နိုင်ခဲ့ကာ ပွဲချိန် ၂၆ မိနစ်မှာ ဆာလားက ဦးဆောင်ဂိုး သွင်းယူ ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ဦးဆောင်မှုဟာ သိပ်ကြာကြာ မခံခဲ့ဘဲ ၃၃ မိနစ်မှာ ဆွန်ဟောင်းမင်းက တန်ပြန်တိုက်စစ် ကနေ တဆင့် ချေပဂိုး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ စပါးတို့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့်လည်း ကိန်း နဲ့ ဘာဝင်တို့ အသုံးမချနိုင်ခဲ့သလို မာနေး ရဲ့ ကန်ချက်ကလည်း တိုင်ထိ သွားခဲ့တာကြောင့် သရေနဲ့ပဲ ပွဲပြီးသွားလိမ့်မယ်လို့ ထင်မှတ် ခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဒီရောဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကို ရော်ဘတ်တိုဖာမီနိုက မိနစ် ၉၀ ခေါင်းတိုက် အနိုင်ဂိုး သွင်းယူ ပေးခဲ့ပြီး လီဗာပူးဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ၃ မှတ် အသာနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲအပြီးမှာ မော်ရင်ညိုက “အကောင်းဆုံး အသင်းက ရှုံးနိမ့်ခဲ့တယ်လို့ ကျွန်တော် ကလော့ကို ပြောခဲ့ပါတယ်။ သူကတော့ ဒါကို သဘောမတူ ခဲ့ပါဘူး။ ဒါဟာ သူ့ရဲ့ ထင်မြင်ချက် ပါပဲ။” လို့ ဆိုခဲ့ပါတယ်။
ဒါနဲ့ ပက်သက်ပြီး ကလော့က “ကျွန်တော်တို့ တကယ့်ကို ခက်ခဲတဲ့ ကာလကို ကျော်ဖြတ် နေရပါတယ်။ ဒီလို အခြေအနေကြားမှာ ကျွန်တော်တို့ ဒီည ယခုလိုမျိုး ကစား သွားခဲ့တဲ့ ပုံစံဟာ တကယ့်ကို ပြောင်မြောက်ပါတယ်။ ပွဲကောင်း ဖြစ်ခဲ့ပြီး ထိပ်တန်းအသင်း ၊ စုစည်းမှုကောင်းမွန်ကာ တန်ပြန်တိုက်စစ် ကနေ များစွာ ခြိမ်းခြောက်နိုင်တဲ့ အသင်းနဲ့ ပွဲမှာ ကျွန်တော်တို့ အနိုင် ၃ မှတ်နဲ့ ထိုက်တန်မှု ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဒီပွဲကို တအား ကြိုက်ပါတယ်။” လို့ ပြောလိုက်ပါတယ်။
ဆက်လက်ပြီး ကလော့က “ဒီရာသီ နောက်ကျဂိုးတွေနဲ့ အနိုင်ရတာ သိပ်အများကြီး မရှိခဲ့ပါဘူး။ လိုအပ်မယ် ဆိုရင် နောက်ကျဂိုးဟာ ကျွန်တော်တို့ အတွက် ပြသနာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီညမှာ အနိုင် ၃ မှတ်နဲ့ ထိုက်တန်တယ်လို့ လုံး၀ ယူဆပါတယ်။
ကလည်း အခွင့်အရေးတွေ ရခဲ့ပါတယ်။ သူတို့ရဲ့ သွင်းဂိုးမှာ ဆိုရင် ကျွန်တော်တို့ သိပ်ပြီး ကံမကောင်းခဲ့ပါဘူး။ သူတို့ အခြား အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိန်း နဲ့ ဆွန် တို့ကို မိနစ် ၉၀ လုံးလုံး ထိန်းချုပ် မထားနိုင်ပါဘူး။ ဆွန်နဲ့ ဘာဝင်တို့ရဲ့ ပြေးအားဟာ မယုံနိုင်စရာ ပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ဟာ ပွဲချိန် အများစုမှာ ပွဲကို ထိန်းချုပ် ထားခဲ့ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်ပုံတွေ အားလုံး ကောင်းခဲ့ပါတယ်။ သူတို့ဟာ ခံစစ်ကို ပိတ်ကစားကာ အမြင့်ဘောတွေ အားလုံး ဖျက်ထုတ်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ အားထုတ်မှုတိုင်းက အခွင့်အရေးကောင်းတော့ မဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့် ကောင်လေးတွေ အခြားနည်းလမ်းတွေနဲ့ ဖန်တီးမှုတွေ လုပ်သွား ခဲ့ရပါတယ်။ ပထမဂိုးမှာ ကျွန်တော်တို့ရဲ့ force လုပ်မှု ကောင်းခဲ့ပြီး set-piece ကနေ ရခဲ့တဲ့ ဒုတိယဂိုး ကလည်း အရမ်း ကောင်းပါတယ်။” လို့ ပြောသွား ပါတယ်။
အနိုင်ဂိုးရှင် ဖာမီနိုနဲ့ ပက်သက်ပြီး ကလော့က “သူ့အနေနဲ့ ကိုယ့်ကိုကိုယ် သံသယ မဖြစ်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ဒီလိုမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ ဂိုးမသွင်းနိုင်တာနဲ့ ပက်သက်ပြီး ပြောဆိုမှုတွေ တအားကို များခဲ့ပါတယ်။ သူ ဂိုးသွင်းနိုင်တာကိုပဲ လူတွေက တအံ့တသြ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ကတော့ ဘယ်သူ ဂိုးသွင်းသွင်း ကိစ္စ မရှိပါဘူး။ ဂိုးပိုက်ထဲ ဝင်သွားဖို့ပဲ အရေးကြီးပါတယ်။
သူ့ရဲ့ ဘောလုံး ပေးပို့တာတွေ ၊ ဖြတ်တင်ဘောတွေ ၊ အဆုံးသတ်မှုတွေကို အားလုံး မြင်ကြမှာ ဖြစ်ပေမယ့် နေရာလွတ်တွေ ရအောင် ပြေးလွှားတာတွေ ကိုတော့ လူတွေ မြင်မိမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒါကို နားလည်ပါတယ်။ ဘော်ဘီ ဂိုးသွင်းလိုက်လို့ ကျွန်တော် အံ့သြမိခြင်း မရှိပါဘူး။ သူ ဒီညမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ကျွန်တော် တအား ပျော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက်ကော သူ့အတွက်ပါ အရေးကြီးတဲ့ ဂိုးပါ။ ဒါ့ကြောင့် ဆက်လက် ချီတက်တာပေါ့။”
မာတစ် ရဲ့ နေရာမှာ ဝင်ကစား သွားခဲ့တဲ့ ရီးစ်ဝီလီယံ အပေါ် ကလော့က “ရီးစ် အနေနဲ့ တစ်ဦးတည်း ခံစစ် တာဝန်ကို ယူလို့ မရနိုင်ပါဘူး။ ဒါပေမယ့် သူဟာ အသင်းရဲ့ ခံစစ်မှာ ကြီးမားတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါ့ကြောင့် သူဟာ တကယ်ကောင်းအောင် လုပ်သွားခဲ့ ပါတယ်။ သူ့အတွက် ဒါဟာ တကယ် ကောင်းပါတယ်။ သူ့ကို ပွဲထွက်ခွင့် ပေးခဲ့တာဟာ late decision ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မာတစ်ရဲ့ အခြေအနေ ဘယ်လိုလဲ ဆိုတာ ကျွန်တော်တို့ အတိအကျ မသိခဲ့ရလို့ပါ။ ဒါပေမယ့် ရီးစ်ဟာ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ဒါဟာ ကျွန်တော်တို့ အတွက် တအားကို အရေးပါပါတယ်။” လို့ ဆိုခဲ့ပါတယ်။