မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အင်ဒီ ကိုးလ် က လက်ရှိ အသင်းမှာ ပုံစံကောင်း တွေကို ပြသနိုင်ဖို့ ရုန်းကန် နေခဲ့ကြရတဲ့ တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်သူ ရပ်ရှ်ဖို့နဲ့ မာရှယ် တို့ကို တိုက်တွန်း နှိုးဆော်မှု ပြုလုပ် သွားခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နံပါတ် 9 တိုက်စစ်မှူး အဖြစ် ပွဲထွက် ကစားခွင့်တွေကို ပိုင်ဆိုင် နေခဲ့တဲ့ အန်သိုနီ မာရှယ်ဟာ လက်ရှဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် 12 ပွဲ ကစား ပေးထား ခဲ့ပြီ ဖြစ်ပေမယ့် 2 ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပါ သေးတယ် ။
ဒါဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက သွင်းဂိုး 17 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့တာနဲ့ နှိုင်းယှဉ် လိုက်မယ် ဆိုရင် ခြားနားချက် ကြီးမားလွန်း နေခဲ့ပါတယ် ။ အခြား တစ်ဖက်မှာတော့ နောက်ထပ် အားထား ရတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ ကလည်း အကောင်းဆုံး ပုံစံ တွေကို ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။
သူဟာ ဒီရာသီ အသင်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် 16 ပွဲလုံး ပါဝင် ကစားပေးခွင့် ပိုင်ဆိုင်ထားခဲ့ပေမယ့် သွင်းဂိုး 9 ဂိုး မျှသာ သွင်းယူ ထားနိုင်ခဲ့ပါ သေးတယ် ။ သူက ပြိုင်ပွဲစုံ မှာတော့ 14 ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ နှစ်ဦးလုံးရဲ့ အားနည်းချက်က အခွင့်အရေးတွေကို မိမိရရ အသုံးချ နိုင်စွမ်း မရှိခြင်း ပါပဲ ။
အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 121 ဂိုး အထိ သွင်းယူ ပေးထား ခဲ့ပြီး အဓိက ဆုဖလား 8 လုံး အထိ ဆွတ်ခူး ပေးထား နိုင်ခဲ့တဲ့ အင်ဒီ ကိုးလ် က ရပ်ရှ်ဖို့ရော မာရှယ်ပါ အကောင်းဆုံး ပုံစံ မပြသ နိုင်ခဲ့သေးကြောင်း အခုထက် ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။
” သူ ( မာရှယ် ) စူပါ ပါရမီ တွေကို ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ယောက်ပါ ။ သူဟာ နေရာကောင်း တွေကို ရှာဖွေ နေရာယူ နိုင်စွမ်း ရှိပါတယ် ။ ဒါပေမယ့် အချို့ အကြိမ် တွေမှာတော့ သူ့ရဲ့ အဆုံးသတ် စွမ်းရည်ပိုင်းဟာ လိုအပ်သလောက် တည်ငြိမ်မှု မရှိခဲ့ ပါဘူး ”
” သူ့ရဲ့ ကန်ချက်တွေက ဂိုးသမား နဲ့ ထိသွားခဲ့ ရတာမျိုး ရှိနေခဲ့သလို သူ့ရဲ့ ဆုံးဖြတ်ချက်တွေကလည်း မှန်ကန်မှု နည်းပါးတာမျိုး တွေ့ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဘောလုံး ကစားသမားကောင်းတွေ ဆီမှာ ရှိနေ သင့်တဲ့ ပါရမီကောင်းတိုင်းကို သူဟာ ပိုင်ဆိုင်ထားသူ တစ်ဦး ပါပဲ ”
” သူဟာ မားကပ်စ် ရပ်ရှ်ဖို့ နည်းတူပဲ အကောင်းဆုံး အရည်အသွေး တွေကို ပြသ နိုင်တဲ့ အနေအထား တစ်ရပ်မှာ ရှိမနေသေးဘူးလို့ ကျွန်တော် အပြည့်အဝ ယုံကြည်မိ ပါတယ် ။ သူ့ အနေနဲ့ အကောင်းဆုံး ကြိုးစားမှု တွေကို ဆက်လက်လုပ်ဆောင်သင့် ပါတယ် ”
” သူဟာ ကောင်းမွန်စွာပဲ ရှေ့ဆက်လျှောက်လှမ်း နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိ ပါတယ် ။ သူဟာ တစ်ရာသီ 25 ဂိုးလောက် အလွယ်တကူ သွင်းယူ နိုင်မယ့် ကစားသမားမျိုး တစ်ဦး ပါပဲ ” လို့ အင်ဒီ ကိုးလ်က မှတ်ချက်ပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။
မာရှယ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် တုန်းက ယူနိုက်တက်တို့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ အက်စတွန် ဗီလာ အသင်းကို 2 – 1 ဆိုတဲ့ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော် ဘစ်ဆာကာ ရဲ့ ပေးပို့မှု မှတစ်ဆင့် အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းယူ သွားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဂိုး ရချင်စိတ် များနေခဲ့တဲ့ ရပ်ရှ်ဖို့ ကတော့ ကန်ချက် လွဲတာချည်း များခဲ့ရ ပါတယ် ။