spot_img

ဟာလန်းကို ခေါ်ဖို့ ဘယ်လောက်ထိ နီးစပ်ခဲ့သလဲ ဆိုတာ ပြန်ပြောင်းဖွင့်ဟလာတဲ့ လမ်းပတ်

မန်စီးတီး အသင်းရဲ့ နော်ဝေး လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၉ပွဲ ကစားထားကာ ၅၂ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ၊ ပရီးမီးယားလိဂ်မှာတော့ စံချိန်တင် ၃၆ဂိုး အထိ ရထားသလို ၊ လက်ရှိ မှတ်တမ်းကို ဆက်လက် ရိုက်ချိုးဖို့ လက်ကျန် ၃ပွဲလည်း ကစားဖို့ ရှိနေပါသေးတယ် ။

ဟာလန်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ပမာဏဟာ ယခုနှစ်ရာသီ ကလပ် သမိုင်းတလျှောက် လွန်ခဲ့တဲ့ အနှစ် ၂၀ နောက်ပိုင်း ဆိုးဆိုးရွားရွား ရုန်းကန်နေရတဲ့ ချဲလ်ဆီးရဲ့ တသင်းလုံးစာ သွင်းဂိုး အရေအတွက်နဲ့ ညီမျှနေတာက အတော်လေး အံ့သြစရာကောင်းနေပါတယ် ။

myan789

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဟာလန်းဟာ ချဲလ်ဆီးကို ပြောင်းဖို့ ၂ကြိမ်တိုင်တိုင် အခွင့်အရေး ရှိခဲ့ပေမယ့် ၂ကြိမ်စလုံး ပွင့်ပွင့်လင်းလင်းပဲ ငြင်းဆိုခဲ့ပါတယ် ။ ပထမတကြိမ်ဟာ လက်ရှိ ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ် ပထမတကြိမ် ချဲလ်ဆီးကို စကိုင်တွယ်ခဲ့စဉ် ဖြစ်ပါတယ် ။

အဲဒီတုန်းက ဟာလန်းဟာ သြစတြီးယား ကလပ် ဆဲလ်ဇ်ဘာ့ဂ် အသင်းမှာ ရှိနေခဲ့တာ ဖြစ်ပြီး ၊ ချဲလ်ဆီးရဲ့ transfer ban ရာသီရဲ့ ရာသီကြို ခြေစမ်းပွဲမှာ ၄င်းဟာ လမ်းပတ်ရဲ့ စိတ်ဝင်စားမှုကို စတင် ရခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် တကယ်တမ်းမှာ ဟာလန်းဟာ ချဲလ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုကို ရခဲ့သည့်တိုင် ဒေါ့မွန်ကိုသာ ရွေးချယ်သွားခဲ့ပါတယ် ။

ဒုတိယ တကြိမ် ဟာလန်းကို ခေါ်ဖို့ ခြင်္သေ့ပြာတို့ ကြိုးစားခဲ့တာက ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖြစ်ပါတယ် ။ နည်းပြဟောင်း သောမတ်စ် တူချယ်ဟာ ဟာလန်းကို ပထမ ဦးစားပေး ပစ်မှတ် ထားခဲ့ပေမယ့် ၊ ဒေါ့မွန်ဖက်က ပေါင်သန်း ၁၆၀ အထိ တောင်းဆိုခဲ့သလို ၊ ကစားသမား ကိုယ်တိုင်က အပြောင်းအရွှေ့ ဖြစ်လာဖို့ကို တွန်းအား မပေးခဲ့တာကြောင့် အဆုံးမှာ ချဲလ်ဆီးတို့ ၄င်းကို ခေါ်ဖို့ လက်လျှော့ခဲ့ရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က ဟာလန်းကို ခေါ်ဖို့ ဘယ်လောက်ထိ နီးစပ်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး ” ဒါက သူ့ဆီက မြင်ရတဲ့ အံ့သြဖွယ် သွင်းဂိုးမှတ်တမ်း ဖြစ်ပါတယ် ။ ချဲလ်ဆီးဖက်က ကြည့်ရင်တော့ ဒါက နောက်ထပ် ဇာတ်လမ်း တပုဒ် ဖြစ်တယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒီကစားသမား အပေါ်မှာ ကျွန်တော် ကြီးမားတဲ့ လေးစားမှု ထားပါတယ် ။ ”

” သူဟာ ကျွန်တော် ချဲလ်ဆီးကို နည်းပြအဖြစ် ပထမဆုံးအကြိမ် စရောက်လာတုန်းက ခေါ်ဖို့ ကြိုးစားခဲ့တဲ့ ကစားသမား တဦးပါ ။ သူ ဒီကို ရောက်အောင် ခေါ်ဖို့ ကျွန်တော် အမှန်တကယ် စိတ်ဝင်စားခဲ့ပါတယ် ။ တကယ်တမ်းတော့ ဖြစ်မလာခဲ့ပါဘူး ။ အဲဒီကတည်းက သူဟာ ဒီလို ခြေစွမ်း အဆင့်အတန်းမျိုး ရှိခဲ့တယ် ဆိုတာ ရှင်းနေပါတယ် ။ ”

” ကျွန်တော်တို့ ဆဲလ်ဇ်ဘာ့ဂ်နဲ့ ရာသီကြို ခြေစမ်းပွဲ ကစားခဲ့တော့ အဲဒီမှာ သူ့ရဲ့ ခြေစွမ်းက အံ့မခန်းပါ ။ သူ့ကို ချီးကျူးရပါမယ် ။ လူငယ်ကစားသမားတွေဆီက အကောင်းဆုံး ဖြစ်ဖို့ ဒီလို ခြေစွမ်းအဆင့်အတန်း ၊ ကြိုးစားအားထုတ်မှု ၊ ဆာလောင်မှုတွေ မြင်ရတာ ကျွန်တော် သဘောကျပါတယ် ။ ”

” သူ့ကို ကျွန်တော်တို့ ထိန်းချုပ်ဖို့က အစီအစဉ် တခု ရှိကို ရှိရပါမယ် ။ အဲလို ခြေစွမ်း အဆင့်မျိုး ကစားသမား တဦး ပိုင်ဆိုင်နေပြီဆိုရင် သူဟာ အရာရာ စွမ်းဆောင်ပြနိုင်ပါတယ် ။ ဒီတော့ ခင်ဗျားဟာ သူ့ကို ပိတ်ပင်တားဆီးလို့ ရမယ့် အရာအားလုံးနဲ့ အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် ။ ”

” သူ့ကို ခေါ်ဖို့ ကြိုးစားတာ ဘယ်အဆင့်အထိ ရောက်ခဲ့သလဲ ? ကျွန်တော်တို့ရဲ့ ရှုထောင့်က ကြည့်ရင်တော့ ကျွန်တော် ဒီအတွက် တွန်းအားပေးခဲ့တာပါ ။ ကလပ်က တခြား ဘုတ်အဖွဲ့ဝင်တွေရဲ့ ဒီအပြောင်းအရွှေ့ အတွက် ကြိုးစားမှု ၊ ဆန္ဒ ပြင်းပြမှု ဘယ်လောက် ရှိခဲ့လဲ ဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး ။ ”

” သူ့ကို ခေါ်ဖို့ ပြိုင်ဆိုင်ခဲ့ရတာတော့ ကြီးမားခဲ့ပါတယ် ။ ဘာလို့လဲဆိုတာ့ သူဟာ ထူးချွန်တဲ့ ကစားသမား တဦး ဖြစ်လို့ပါ ။ အဲဒီအချိန်တုန်းက စာချုပ်ပါလျော်ကြေး တရပ် ရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါက ကစားသမားဖက်က ကြည့်ရင်တော့ မျှတမှုရှိတဲ့ အနေအထားလို့ ပြောရပါမယ် ။ သူ့ကို ခေါ်ဖို့ ဘယ်လောက်ထိ နီးစပ်ခဲ့လဲ ဆိုတာတော့ ကျွန်တော် အသေးစိတ်ကျကျတော့ ပြောမနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular