ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အဖြစ် မော်လ်တာနှင့်ကစားခဲ့သည့်ပွဲတွင် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် တစ်ဂိုးသွင်းယူပြီးနောက် ယခုရာသီ (ကလပ်နှင့် နိုင်ငံနှစ်သင်းပေါင်း) ၎င်း၏ဂိုးပါဝင်ပတ်သက်မှုမှာ (၃၃)ဂိုးအထိရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ဟာရီကိန်းသည် ယခုဘောလုံးရာသီတွင် အင်္ဂလန်အသင်းအတွက် ယူရိုခြေစစ်ပွဲ (၄)ပွဲကစားခဲ့ရာ၌ (၄)ဂိုးသွင်း၊ (၁)ဂိုးဖန်တီးနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ပွဲကစားထားရာတွင်လည်း (၂၁)ဂိုးသွင်းကာ (၇) ဂိုးဖန်တီးနိုင်ခဲ့သည်။
ဂျာမန်ဘောလုံးရပ်ဝန်းတွင် အချိန်တိုအတွင်း အံ့အားသင့်ဖွယ်ခြေစွမ်းပြနိုင်ခဲ့သည့် ဟာရီကိန်းအနေဖြင့် ဆုဖလားကျိန်စာကို ချိုးဖျက်နိုင်ရန် စိတ်အားထက်သန်နေပြီး လာမည့်ယူရိုပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းနှင့်အတူ အောင်မြင်မှုရယူရန် ပစ်မှတ်ထားနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။