ဟန်ဂေရီနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အင်္ဂလန်အသင်း ကစားသမားများ လူမျိုးရေးခွဲခြားခံရခြင်း အတွက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ် အဖြစ် ကြာသပတေးနေ့က ဟန်ဂေရီနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အိမ်ရှင်ဟန်ဂေရီအသင်း ပရိသတ်များက အင်္ဂလန်အသင်းမှ လူမည်းကစားသမားများဖြစ်သည့် စတာလင်နှင့် ဘယ်လင်ဟမ် တို့ကို ပစ်မှတ်ထား၍ မျောက်အော်သံများ ပြုလုပ်ကာ လူမျိုးရေးခွဲခြားခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် ဧည့်သည်အင်္ဂလန်အသင်းက လေးဂိုးပြတ်အနိုင်ရခဲ့ပြီး စတာလင် အဖွင့်ဂိုး သွင်းယူပြီးနောက် အောင်ပွဲခံစဉ် အိမ်ရှင်ပရိ သတ်များက ဘီယာထည့်ထားသည့်စက္ကူခွက် များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ကြသလို မက်ဂွိုင်းရား တတိယဂိုးသွင်းယူပြီးနောက် မီးကျည်တစ်ခုအပြင် အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ FIFA က ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် ဆိုးရွားသည့်အပြုအမူမျိုးကို ခွင့်လွှတ်သည်းခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
“ပွဲအစီရင်ခံစာကို လေ့လာသုံးသပ်ပြီး နောက် FIFA အနေဖြင့် ဟန်ဂေရီ-အင်္ဂလန်ပွဲမှဖြစ်ရပ်များကို စည်းကမ်းပိုင်းအရ အရေးယူရန် စုံ စမ်းစစ်ဆေးမှုများ စတင်ပြုလုပ်သွားမည်ဖြစ် သည်။ FIFA ၏ ရပ်တည်ချက်မှာ လူမျိုးရေး ခွဲခြားမှု၊ အကြမ်းဖက်မှု၊ အခြားသော ခွဲခြား ဆက်ဆံမှု သို့မဟုတ် အလွဲသုံးစားပြုမှုအား လုံးကိုလက်မခံကြောင်း ထပ်မံအတည်ပြုလိုပါသည်။ ဘောလုံးလောကတွင် ဆိုးရွားသည့် အပြုအမူများကို ဆန့်ကျင်ရာ၌ လုံးဝသည်းခံ ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြတ်သားစွာ အသိပေးလိုပါသည်” ဟု FIFA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ယင်းဖြစ်ရပ်ကို ပြင်းထန်စွာ အရေးယူရန် FIFA အား တိုက်တွန်းပြောကြားခဲ့သည်။