နာမည်ကြီး ပြင်သစ် အသင်းဟာ ယမန်နေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲမှာ သြစတြီးယား အသင်းကို ပထမပိုင်းမှာ ရရှိခဲ့တဲ့ တလုံးတည်းသော Own Goal နဲ့ အနိုင်ရခဲ့ပြီး ၊ ကွင်းလယ်က အန်ဂိုလို ကန်တေရဲ့ Masterclass ခြေစွမ်းကြောင့် အနိုင်ရလဒ်ကို ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ချဲလ်ဆီးကနေ အလွတ်နဲ့ ထွက်ခွာခဲ့ပြီး ၊ လူတွေ စိတ်မဝင်စားလိုကြတဲ့ ဆော်ဒီပရိုလိဂ် ကလပ် အယ်အစ်တီဟတ်သို့ ပြောင်းရွှေ့သွားတာကြောင့် ကန်တေကို ယူရိုမှာမှ သေသေချာချာ ပြန်မြင်ရတာ ဖြစ်ပါတယ် ။
အသက် ၃၃နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကန်တေဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ရာသီ အတွင်း ဒဏ်ရာ ပြဿနာ မကြာခဏ ကြုံခဲ့တာကြောင့် ပြင်သစ် လက်ရွေးစင် အသင်းမှာပင် ပုံမှန် အရွေးမခံခဲ့ရတာ ဖြစ်ပါတယ် ။
ဒါကြောင့် ယခု ယူရိုမှာ ကန်တေကို ပြန်လည် ရွေးချယ်ခဲ့တဲ့ ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် အပေါ် တချို့ကလည်း ဇဝေဇဝါ ဖြစ်ခဲ့ကြပါတယ် ။ မနေ့ညက ပွဲမှာတော့ ကန်တေ အပေါ် သံသယ ရှိတဲ့သူတွေလည်း မေးခွန်းထုတ်ကြတော့မှာ မဟုတ်ပါဘူး ။
အာဆင်နယ် ကြယ်ပွင့် ပြင်သစ် ခံစစ်မှူး ဝီလီယမ် ဆာလီဘာကတော့ ကန်တေဟာ မနေ့ညက ပွဲမှာ Monster ဆန်ဆန် စွမ်းဆောင်ရည်မျိုး ပြသခဲ့သလား ဆိုတဲ့ အမေး အပေါ် ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။
ဆာလီဘာ က ” ဟုတ်ပါတယ် ။ သေချာတာပေါ့ ။ သူဟာ ကျွန်တော်တို့ အတူတကွ လေ့ကျင့်ကတည်းက အထင်ကြီးအောင် လုပ်ပြထားတာပါ ။ သူဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ ဒီလို ခြေစွမ်းမျိုးကို ဒီပြိုင်ပွဲတလျှောက် ဆက်ထိန်းနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ကန်တေရဲ့ စွမ်းဆောင်ရည် အပေါ် ဒက်စ်ချမ့်စ်ကလည်း ” ခင်ဗျားဟာ သူ ဘာလုပ်ပြခဲ့လဲ ဆိုတာကို တချက် ကြည့်လိုက်ရုံပါပဲ ။ ဒီအတွက် ကျွန်တော် သူ့ကို ဒီပြိုင်ပွဲဆီ ခေါ်လာတာပါ ။ သူ အားကစားသမား အရည်အသွေးတွေ ပြန်ရလာတာ သေချာတယ် ဆိုတာ ကျွန်တော် သိသိချင်း အခိုက်အတန့်က စပြီးတော့ပေါ့ ။ ”
” သူ့မှာ နည်းစနစ် ပါးနပ်မှုတွေ ၊ ဘောလုံးဆယ်ယူနိုင်မှုတွေ ၊ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်တာတွေ ရှိပါတယ် ။ အားလုံး မြင်တဲ့အတိုင်းပဲ သူဟာ ဒီနေ့မှာ အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့ ဒီခြေစွမ်းမျိုး လိုအပ်ခဲ့တာကြောင့် ပိုတောင်မှ ကောင်းပါသေးတယ် ။ ”
” သူ တယောက်တည်း ခြေစွမ်း ကောင်းခဲ့တာ မဟုတ်ပါဘူး ။ သူ့လိုပဲ ခြေစွမ်းပြနိုင်ခဲ့တဲ့ အေဒရီယန် ရားဘီးယော့ကလည်း သူ့ကို ကောင်းကောင်းမွန်မွန် ပံ့ပိုးပေးခဲ့ပါတယ် ။ အန်တွိုင် ( ဂရဇ်မန်း ) ကလည်း ကွင်းလယ် အပေါ် အနည်းငယ် ပိုအာရုံစိုက်ပေးခဲ့ပါတယ် ။ ဒါပေမယ့် NG က နေရာတိုင်းမှာ ရှိနေခဲ့ပြီး ခြေစွမ်း တောက်ပခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။