လက်စတာ စီးတီး အသင်း နည်းပြ ဘရန်ဒန် ရော်ဂျာ က ဒီတစ်ပတ် အာဆင်နယ် နဲ့ ကစားရမယ့် ပွဲမတိုင်မှီ အင်တာဗျူးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရဖို့ ယှဉ်ပြိုင် နေတဲ့ အာတီတာ ရဲ့ အသင်းကို သတိပေး စကား ဆို သွားခဲ့ပါတယ် ။
မီခေးလ် အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၃’ပွဲ ကစားအပြီးမှာ ၁၇ ပွဲ အထိ နိုင်ထားပြီး ၃ ပွဲ သရေ နှင့် ရှုံးပွဲ ၃ ပွဲသာ ရှိထားပါတယ် ။ လက်ရှိ အခြေအနေအရ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ကို ရယူဖို့ အလားအလာ အကောင်းဆုံး အသင်း ဖြစ်လို့ နေပါတယ် ။
အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ ဒုတိယနေရာက မန်စီးတီး အသင်းကို ၂ မှတ် ဖြတ်ထား နိုင်ပါတယ် ။အာဆင်နယ် အသင်းဟာ ၂၀၀၃-၀၄ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ရှုံးပွဲ မရှိ စံချိန်နဲ့ ရယူ ပြီးကတည်းက ပရီးမီးယားလိဂ် ဖလား နဲ့ အလှမ်းဝေးနေခဲ့တာ ဖြစ်ပြီး အခုဆို နှစ် ၂၀ နီးပါး ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။
လက်စတာ နည်းပြ ရော်ဂျာ ဟာ လီဗာပူး အသင်းကို ကိုင်တွယ် စဉ်တုန်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ နီးစပ် ခဲ့ဖူးသူ ဖြစ်ပြီး စီးတီး နဲ့ နှစ်မှတ်သာ ကွာဟကာ ချန်ပီယံဆု နဲ့ လွဲချော် ခဲ့ရတာပါ ။ ရော်ဂျာက ” စိတ်ခံစားချက်တွေ ပြောင်းလဲ သွားတဲ့ အခြေအနေ တစ်ရပ် က သေချာပေါက် ရှိပါလိမ့်မယ် ။ အဲ့ဒီလို အခြေအနေက အခရာ ကျပါတယ် ။ ”
” အာဆင်နယ် အသင်း ရဲ့ ကစားပုံက စိတ်လှုပ်ရှား စရာ ဖြစ်နေပါတယ် ၊ အာဆင်နယ် ပရိသတ်တွေကလည်း သူတို့မှာ ချန်ပီယံဆုအတွက် အခွင့်အရေး ရှိနေကြတယ်လို့ ယုံကြည်ထားကြပါတယ် ။ ဒါပေမယ့် ချန်ပီယံဆု အတွက်သေချာ ပြောနိုင်တဲ့ အချိန်က လက်ကျန် ၁၀ ပွဲ ကျန် ၊ ၅ ပွဲကျန်တဲ့ အချိန်မှပါ ။ ”
” အဲ့ဒီ အချိန်အထိ အာဆင်နယ် အသင်း ထိပ်ဆုံးမှာ ရပ်တည် နိုင်ရင် သူတို့ ချန်ပီယံ ဖြစ်နိုင်တယ်လို့ ကျနော် အပြည့်အဝ ယုံကြည်မှာပါ ။ အဲ့ဒီ အချိန်မှာ သူတို့ အပေါ် မျှော်လင့်ချက်တွေ ပိုမို ကြီးထွားလာမှာ ဖြစ်သလို ချန်ပီယံ ဖြစ်ရမယ်ဆိုတဲ့ စိတ်ခံစားချက်တွေလည်း ပိုရှိလာမှာပါ ။ ”
” ကျနော့်တုန်းက အခြေအနေတွေနဲ့ ဆက်စပ်ပြီး စဉ်းစားကြည့်မယ်ဆိုရင် အဲ့ဒီ အရာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့က အရေးကြီးပါတယ် ။ လိဂ် ချန်ပီယံ မဖြစ်တာ ကာလ ရှည်ကြာ ရှိလာခဲ့တဲ့နောက် ချန်ပီယံ ဖြစ်ဖို့က ပရိသတ်တွေရဲ့ အိပ်မက်ပါပဲ ၊ ချန်ပီယံဆု နဲ့ ပိုမို နီးစပ်လာလေ မျှော်လင့်ချက်တွေက ပိုမို အားကောင်းလာလေပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။