မနေ့ညက ကစားခဲ့တဲ့ ၂၀၂၂ – ၂၀၂၃ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီး အသင်းဟာ အင်တာမီလန် အသင်းကို ကွင်းလယ်လူ ရိုဒရီရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ ခက်ခက်ခဲခဲ အနိုင်ရကာ ကလပ် သမိုင်းတလျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးခဲ့ပြီ ဖြစ်ပါတယ် ။
ဒီပွဲမှာ မန်စီးတီးဟာ ပွဲမတိုင်ခင်က လူအများ ထင်ခဲ့ကြသလို ၊ အင်တာဖက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင်တာမျိုး မလုပ်နိုင်ခဲ့သလို ၊ အနိုင်ရလဒ်တောင်မှ ဂိုးသမား အက်ဒါဆင်နဲ့ အင်တာရဲ့ တိုက်စစ် အဆုံးသတ် ညံ့ဖျင်းမှုကြောင့် ရခဲ့တယ်လို့ ပြောရမလို ဖြစ်ခဲ့ပါတယ် ။
သို့ပေမယ့် ဒါဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ လိုအပ်တဲ့ ကံတရားရဲ့ ဖေးမမှုလို့ ဆိုနိုင်ပြီး ၊ ချန်ပီယံလိဂ်နဲ့ ၁၂နှစ်ကြာ ဝေးကွာခဲ့တဲ့ စီးတီး နည်းပြ ပက်ဂွာဒီယိုလာ အတွက် အမှန်တကယ် ထိုက်တန်မှု ရှိတဲ့ ဖလားလည်း ဖြစ်ပါတယ် ။

ဒုတိယနေရာသာ ရခဲ့တဲ့ အင်တာ အနေနဲ့ ဒီပွဲက ကြိုးစားအားထုတ်မှု အပေါ် အတိုင်းအတာ တရပ် အထိ ဝမ်းမြောက်ရမှာ ဖြစ်ပြီး ၊ နောက်ရာသီမှာ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာဖို့ လိုမှာ ဖြစ်ပါတယ် ။ ပက်ကတော့ ပွဲအပြီး Sportmediaset နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ သူတို့နဲ့ အပြိုင် ယှဉ်ဖိုက်ခဲ့တဲ့ အင်တာ အပေါ် အခုလို ချီးကျူးဂုဏ်ပြုခဲ့ပါတယ် ။
ဂွာဒီယိုလာ က ” အင်တာ အတွက် ဂုဏ်ပြုပါတယ် ။ ဘယ်လောက် ကြီးကျယ်တဲ့ အသင်း တသင်းလဲ ။ ကျွန်တော်ဟာ ဒါကို ဆုဖလားရသူ တယောက် နေရာကနေ ပြောနေတာ ဖြစ်ပေမယ့် ၊ ရှုံးခဲ့ရင်လည်း ကျွန်တော် ဒီလိုပဲ ပြောခဲ့မှာပါပဲ ။ သူတို့ဟာ ဒီနေရာကို ရောက်လာဖို့ လုံးဝ ထိုက်တန်မှု ရှိပါတယ် ။ ”
” ဒါဟာ အရမ်း ခက်ခဲမယ့် ပွဲတပွဲ ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ် ။ ဒီပြိုင်ပွဲဟာ ပန်းခေါင်း မြှောက်သလိုပါပဲ ။ အဲလောက်ထိကို ဝေခွဲရခက်တာပါ ။ ကျွန်တော်တို့ဟာ ချေပဂိုး ပြန်ပေးပြီး ၊ အချိန်ပိုတွေအထိ ဆက်ကန်ရမယ့် အခြေအနေအထိကို လွယ်လွယ်ကူကူ ရောက်ကောင်း ရောက်သွားနိုင်ခဲ့ပါတယ် ။ ”

” ဒီနှစ် ဘောလုံးရာသီကိုက ဇာတ်ညွှန်းထဲ ရေးထားပြီးတဲ့ အတိုင်း ဖြစ်နေတယ်လို့ ခံစားခဲ့ရတာပါ ။ ကျွန်တော်တို့ဟာ ဒီနှစ်မှာ ကလပ် သမိုင်းတလျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ဖလား ရကို ရရမယ် ဆိုတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ဂွာဒီယိုလာ က ” အင်တာရဲ့ ဒီနေ့ပွဲချဉ်းကပ်ပုံဟာ ကျွန်တော် မျှော်မှန်းထားခဲ့သလိုပါပဲ ။ ခင်ဗျားမှာ အိုနားနားလို ဘယ်နေရာ ဘယ်သူ့ဆီ တိတိကျကျ ဘောလုံးပေးရမလဲ ဆိုတာ သိနေတဲ့ ဂိုးသမား တယောက် ရှိနေသလို ၊ ကွင်းလယ်မှာ ချယ်ဟန်နိုဂလူ ၊ ဘာရယ်လာတို့နဲ့ တွဲထားပြီးတော့ တိုက်စစ်မှူးတွေကို ဘောလုံး ထိန်းခိုင်းပြီး ၊ လိုအပ်သလို ရွေ့လျားကစားပါတယ် ။ ”

” ဒါက အရမ်း အရမ်း ခက်ခဲပါတယ် ။ ဂိုးသမားကြောင့်သာ မဟုတ်ရင် ဒီထက် နည်းနည်းလေး ပိုလွယ်နိုင်ခဲ့မှာပါ ။ ဒါပေမယ့် ခက်တာက ခက်နေဦးမှာပါပဲ ။ သူတို့ဟာ ကြံ့ခိုင်မှုအရလည်း တောင့်တင်းမှု ရှိပါတယ် ။ အီတလီ အသင်းတွေ ဥရောပ ပြိုင်ပွဲ ၃ခုလုံးမှာ ဖိုင်နယ်တက်တာက ရောယောင်ပြီး ဖြစ်လာတာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အဆုံးမှာတော့ အင်တာအတွက် ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဆီမြွန်နီ အင်ဇာဂီထံ ဂွာဒီယိုလာ က မက်ဆေ့ခ်ျပေးတဲ့ အနေနဲ့ ” သူဟာ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂နှစ်က ခံစားခဲ့ရသလိုမျိုး ခံစားနေရမယ်လို့ ကျွန်တော် ပြောချင်ပါတယ် ။ သူ့အနေနဲ့ သဘောပေါက်ထားရမှာက သူဟာ ဥရောပရဲ့ ဒုတိယ အကောင်းဆုံး အသင်းမှာ ရှိနေတယ် ဆိုတာပါ ။ ”
” ဒါဟာ အလွန့်အလွန် မြင့်မားတဲ့ အဆင့်အတန်း ဖြစ်ပါတယ် ။ သူ ဒီကို ပြန်လာပါလိမ့်မယ် ။ ဒါက အားကစားပါ ။ တစုံတယောက်က နိုင်ပြီး ၊ တစုံတယောက်က အရှုံးပေးရမှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။