ရီးယဲလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်က ဝေဖန်သူများကို ဂရုမစိုက်ကြောင်း လီဗာပူးလ်အား (၃-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အသက် (၂၀)နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်သည် ရီးယဲလ်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသဖြင့် အောင်မြင်မည်မဟုတ်ဟု ဝေဖန်ခံနေရသူဖြစ်သည်။
သို့သော် ဗင်နီစီယပ်စ်သည် ဧပြီလ (၆)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ရီးယဲလ် (၃-၁) လီဗာပူးလ်ပွဲတွင် ရီးယဲလ်အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၂)ဂိုးသွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် ဗင်နီစီယပ်စ်သည် ဝေဖန်သူများကို အသံတိတ်စေခဲ့ပြီဟု ဥရောပမီဒီယာများက ချီးကျူးရေးသားခဲ့ကြသည်။
ဗင်နီစီယပ်စ်က ” ဝေဖန်သူတွေအနေနဲ့ ကျွန်တော့်ကို ဆက်ပြီး ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ တိုးတက်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေမှာပါ။ ဒီပွဲက အခုရာသီမှာ ကျွန်တော့်အတွက် အကောင်းဆုံးပွဲဖြစ်ပြီး အသင်းအနိုင်ရလို့ အရမ်းဝမ်းသာပါတယ်”ဟု ပြောကြားခဲ့သည်။