spot_img

ဝုလ်ဗ် နဲ့ ပွဲမှာ ဗာနာ ကို ဘာကြောင့် လုံးဝ အသုံးမပြုခဲ့သလဲ ဆိုတာ ရှင်းလင်းရင်း ၊ ဗာနာ အတွက် အပြုံးပန်းဆင်ပေးဖို့ဟာ ၎င်းအလုပ် ဖြစ်တယ် လို့ ဖွင့်ဆိုလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ရဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ ကြားရက် အတွင်း ကစားခဲ့တဲ့ ဝုလ်ဗ် အသင်း နဲ့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသလို ၊ တပွဲလုံး တမိနစ်မျှ ဝင်ကစားခွင့် မရခဲ့ပါဘူး ။

ဒီပွဲဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဖရန့် လမ်းပတ် ရဲ့ နေရာသို့ အစားဝင်ခဲ့တဲ့ နည်းပြသစ် သောမတ်စ် တူချယ် ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ဖြစ်ခဲ့ပြီး ၊ ဗာနာ အပြင် လမ်းပတ် လက်ထက် က အမာခံ ပွဲထွက် ကစားသမား တချို့ ဖြစ်ကြတဲ့ ခရစ်တီယန် ပူလီဆစ် ၊ မေဆင်မောင့် ၊ ကတ်ဇူးမား ၊ ရိစ်ဂျိမ်းစ် တို့လည်း ပွဲထွက်စာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

myan789

ဗာနာ ဟာ ဝုလ်ဗ် နဲ့ ပွဲမှာ ပွဲထွက်ခွင့် မရခင် အထိ ၊ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ပွဲမှာ ၁ဂိုးသာ ရရှိခဲ့ပြီး ၊ ပင်နယ်တီ လွဲချော်မှု တခု အပါအဝင် အဆိုးရွားဆုံးသော ဂိုးကံခေမှု အချိန် ကာလ တခု ကို ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ် ။ နည်းပြဟောင်း လမ်းပတ် ဟာ ဗာနာ ဆီကနေ အကောင်းဆုံးသော အရည်အသွေးတွေကို လုံးဝ ထုတ်ယူ သုံးစွဲနိုင်ခဲ့ခြင်း မရှိပါဘူး ။

ဒီတော့ လမ်းပတ် နေရာ အစားဝင်ထားတဲ့ တူချယ် ဟာလည်း ဗာနာ ကို ဘယ်လို ဘယ်ပုံ ဆက်လက် အသုံးပြုမလဲ ဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီ ။ ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ဗာနာ ကို ဝုလ်ဗ် နဲ့ ပွဲမှာ ဘာကြောင့် အသုံးမပြုခဲ့လဲ ဆိုတာ ရှင်းပြရင်း ၊ ၎င်းကို ပုံမှန်ခြေစွမ်း ပြန်ရအောင် လမ်းကြောင်းပေးဖို့ ဆိုတာ သူ့အလုပ် ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ပြီးခဲ့တဲ့ ဗုဒ္ခဟူးနေ့က တီမို ကို ဘာကြောင့် မသုံးခဲ့သလဲ ? သူ့မျက်နှာ ကို ကျွန်တော် သေသေချာချာ အနီးကတ် အကဲခတ်ပြီးနောက် ၊ ဖိအားတွေ ၊ ဝန်တွေ အရမ်း များနေတဲ့ပုံပေါ်လို့ ၊ အဲဒီပွဲမှာ သူ့ကို မသုံးဖို့ ဆုံးဖြတ်ခဲ့တာပါ ။ သူဟာ ဒီ ကလပ် အတွက် အရမ်း ဂရုစိုက်ပါတယ် ။ ဒါဟာ သူ့ရဲ့ အံ့သြဖွယ် ခံယူချက်တွေထဲက တခုပါပဲ ။ ”

” တခါတလေတော့ တိုက်စစ်မှူး တဦးအတွက် ကိုယ်ပိုင် ခြေစွမ်းကို ပဓာန မထားပဲ ၊ အသင်း အတွက် အများကြီး ငဲ့ကွက်နေတာက ကောင်းတဲ့ အချက်တော့ မဟုတ်ဘူး ။ တိုက်စစ်မှူး တဦး အဖို့ တခါတလေမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်တာ ပိုတောင် ကောင်းပါသေးတယ် ။ ဒါပေမယ့် တီမို ဟာ ဒီလို အသင်းသားမျိုးတော့ မဟုတ်ပါဘူး ။ ”

” သူဟာ အသင်းဖော်တွေရဲ့ အရေး ကို ဂရုစိုက် ငဲ့ကွက်တတ်ပြီး ၊ နောက်ပိုင်း ပွဲတွေမှာ ထွက်ပေါ်ခဲ့တဲ့ အသင်း ရဲ့ ရလဒ်ပိုင်း နဲ့ ခြေစွမ်း အပိုင်း အပေါ် သူ အတော်လေး မပျော်မရွှင် ဖြစ်နေခဲ့ပါတယ် ။ အခုအချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ ၊ ပျော်ပျော်နေဖို့ ၊ ကိုယ့်ကိုယ်ကို သံသယဝင်ခြင်း ကနေ ရပ်တန့်ဖို့ ဆိုတာ သူ့အတွက် အရမ်း အရေးကြီးနေပါတယ် ။ ”

” ဒီလို ဖြစ်လာဖို့ သူ့ကို အကူအညီ ပေးဖို့ ၊ သူ့ရဲ့ အားသာချက်တွေကို အသုံးချနိုင်မယ့် နော တနေရာ ကို ရှာဖွေပေးဖို့ ဆိုတာ ကျွန်တော့ အလုပ်ပါပဲ ။ တီမို အတွက် အနာဂတ် မှာ ကစားဖို့ ပွဲတွေ အများကြီး ရှိလာမှာပါ ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပွဲမှာ ကျွန်တော် တို့ဟာ ဘောလုံး ပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းလောက်နဲ့ ဖိကစားခဲ့ပါတယ် ။ ”

” အဲ့ဒီပွဲရဲ့ ၉၀ ရာခိုင်နှုန်း ဟာ ကျွန်တော်တို့ချည်းသာ ကစားခဲ့တာ ဖြစ်ပြီး ၊ ပြိုင်ဖက်ကွင်း ရဲ့ နောက်ဆုံး မီတာ ၃၀ အကွာအဝေး အတွင်း အချိန်ပြည့်နီးပါး ကျွန်တော်တို့ ထိုးဖောက်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အဲလိုပွဲမျိုးမှာ တီမိုဖက်က ကျွန်တော် တို့ကို အကူအညီ ပေးနိုင်မယ့် လှုပ်ရှားမှုတွေ ကမ်းလှမ်းပေးလို့ ရပါတယ် ။ ”

” တိုက်စစ်မှူး တဦး ဖြစ်တဲ့အညီ ၊ သူကစားလာခဲ့တဲ့ စတိုင်လ် အရ ကျွန်တော် ကတော့ သူ့အတွက် နေရာလွတ်တွေ ရှာဖွေပေးဖို့ကို ပိုပြီး အလိုရှိမိပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ အရမ်း လျင်မြန်သလို ၊ ပြိုင်ဖက် ခံစစ် ရဲ့ နောက်ဆုံးလိုင်း မှာ ကစားနိုင်စွမ်း ရှိလို့ပါ ။ တဖက်မှာ သူဟာ ဘယ်တောင်ပံ အခြမ်း ကို အနည်းငယ် ထွက်ကစားတတ်ပြီး ၊ အဲဒီကနေ တဆင့် ဘောလုံး လက်ခံရယူပါတယ် ။ ”

” တီမို ရဲ့ ရွေ့လျားပုံ ၊ ကစားပုံ စတိုင်လ် ၊ ကျဉ်းမြောင်းတဲ့ နေရာလွတ်တွေ အကြား က အရည်အသွေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဖက်က သူ့အတွက် တိုးတက်မှု ရှိအောင် လုပ်ပေးနိုင်မလား ? ဒါဟာ ကျွန်တော့ အလုပ်ပါပဲ ။ သူ့ရဲ့ တိုးတက်မှု အတွက် ကူညီပေးနိုင်မယ် လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ် ။ ဘာလို့လဲ ဆိုတော့ တီမို ဟာ ပွင့်လင်းတဲ့စိတ် ၊ ခင်မင်ရင်းနှီးလိုစိတ် ၊ သင်ယူလိုစိတ် အပြည့် ရှိလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular