ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် လူမှုကွန်ရက်ကုမ္ပဏီများအား ဗြိတိန်အားကစားလောကမှ သပိတ်မှောက်မည့်အစီအစဉ်တွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ကြာသပတေးနေ့က အတည်ပြုကြေညာခဲ့သည်။
လက်ရှိအချိန်တွင် လူမှုကွန်ရက်များ၌ ဘောလုံးသမားများကို ပရိသတ်များက လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ မြင့်တက်လျက်ရှိပြီး ယင်းအခြေအနေကို လူမှုကွန်ရက်ကုမ္ပဏီများက တားဆီးပိတ်ပင်ပေးခြင်းမရှိသည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)နှင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်တို့အပါအဝင် ကလပ်အသင်းများ၊ ဘောလုံးသမားများက လူမှုကွန်ရက်များကို အသုံးမပြုဘဲ သပိတ်မှောက်ရန် စီစဉ်လျက်ရှိသည်။
ယင်းအစီအစဉ်ကို အားကစားသတင်းဌာနများကလည်း ပါဝင်အားဖြည့်လျက်ရှိပြီး ယခုအခါ UEFA က ၎င်းတို့လည်း ပါဝင်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က “ဘောလုံးကွင်းထဲမှာရော လူမှုကွန်ရက်မှာပါ လူမျိုးရေးခွဲခြားမှုတွေ ရှိနေပါတယ်။ ဒါဟာ လက်မခံနိုင်စရာဖြစ်သလို၊ တားဆီးဖို့လိုနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒီအတွက် ကစားသမားတွေရော၊ ကလပ်အသင်းတွေ ရော၊ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်တွေရော ပူးပေါင်းပါဝင်ပေးဖို့လည်း တိုက်တွန်းချင်ပါတယ်”ဟု ပြောကြားခဲ့သည်။