တောင်အာဖရိကတွင် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ခရစ်ယာန် ဘုန်းတော်ကြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒက်စမွန် တူးတူးသည် ဒီဇင်ဘာ ၂၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်သည်။
မကြာသေးမီ နှစ်များအတွင် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့် ဒက်စမွန်တူးတူးသည် အသားအရောင် ခွဲခြားမှုနှင့် ပတ်သက်သည့် မတရားမှုများကို စွမ်းစွမ်းတမံ တိုက်ဖျက်ခဲ့သူဖြစ်သည်။
ဒီဇင်ဘာ ၂၆ ရက်တွင် ဒက်စမွန် တူးတူး ကွယ်လွန်ကြောင်း တောင်အာဖရိက သမ္မတ ဆီရီလ် ရာမာဖိုဆာက အတည်ပြု ကြေညာခဲ့ပြီး ၎င်း၏ ကြိုးပမ်းအားထုတ်မှုများ အတွက်လည်း ချီးကျူးဂုဏ်ပြုခဲ့သည်။
“ဂိုဏ်းချုပ်ဘုန်းတော်ကြီး အမ်မရီတက်စ် ဒက်စမွန် တူးတူး ကွယ်လွန်သွားတာဟာ ချုပ်ချယ်မှုကင်းတဲ့ တောင်အာဖရိက နိုင်ငံကို နောင်လာနောက်သားတွေအတွက် ထားရစ်ခဲ့တဲ့ ထူးချွန်တဲ့ တောင်အာဖရိက နိုင်ငံသား မျိုးဆက်တစ်ဆက်ကို နှုတ်ဆက်ခွဲခွာသွားခဲ့တဲ့ ပူဆွေးဝမ်းနည်းဖွယ် အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်” ဟု သမ္မတ ရာမာဖိုဆာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် လူမျိုးရေးခွဲခြားသည့် အင်အားစုများကို တွန်းလှန်ခဲ့သည့် သူမတူအောင် ဉာဏ်စွမ်းနှင့် တည်ကြည်မှုရှိကာ အနိုင်မခံ အရှုံးမပေးတတ်သည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်းနှင့် လူမျိုးရေးခွဲခြားသည့် အခြေအနေ အောက်တွင် ဖိနှိပ်ချုပ်ချယ်မှု၊ တရားမမျှတမှုနှင့် အကြမ်းဖက်မှုဒဏ်တို့ကို ကြုံတွေ့ခံစားခဲ့ရသူများအတွက် ကရုဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ကိတ်ပ်တောင်းမြို့ရှိ ၎င်း၏ အသင်းတော် နယ်ပယ်ဟောင်းတွင် တည်ရှိသည့် စိန့်ဂျော့ဂျ် ဘုရားကျောင်း အပြင်ဘက်တွင် ၎င်းကွယ်လွန်မှုကြောင့် ဝမ်းနည်းပူဆွေးနေသူများ စုဝေးရောက်ရှိနေကြပြီး အချို့က ပန်းစည်းများကို ကိုင်ဆောင်ထားကြသည်ဟု AFP သတင်းထောက်တစ်ဦးက ဆိုသည်။
“သူ ကွယ်လွန်သွားတာဟာ အလွန့်အလွန် ဝမ်းနည်းစရာ ကောင်းပါတယ်။ သူက တကယ့်ကို ကောင်းမွန်တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်” ဟု အငြိမ်းစား စာရင်းကိုင်တစ်ဦးဖြစ်သူ ဒီယန်ဟာ့ဒ်က ပြောကြားခဲ့သည်။
ကင်ညာသမ္မတ အူဟူရူ ကင်ညက်တာ ကလည်း ဒက်စမွန် တူးတူးသည် လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် အကြမ်းမဖက်သည့် နည်းလမ်းများကို လက်ခံယုံကြည်သော အာဖရိက ခေါင်းဆောင်မျိုးဆက်ကို စေ့ဆော်ပေးခဲ့သူ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဒက်စမွန် တူးတူးသည် တောင်အာဖရိကတွင် လူဖြူလူနည်းစု ကြီးစိုးနေမှုကို တိုက်ဖျက်ရန် မနေမနား ကြိုးပမ်းခဲ့မှုအတွက် ၁၉၈၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သည်။
မှန်ရာကို မကွယ်မဝှက်တမ်း ပြောဆိုတတ်သူအဖြစ် လူသိများသည့် ဒက်စ်မွန်တူးတူးသည် လူမျိုးရေးဝါဒီ အသားအရောင် ခွဲခြားသည့် အစိုးရ ပြုတ်ကျသွားပြီး နောက်ပိုင်းတွင်လည်း တောင်အာဖရိ၏ အားနည်းချက်များနှင့် မတရားမှုများကို ထိပ်တိုက်ရင်ဆိုင်ရန် ဘယ်သောအခါကမှ ရှောင်ဖယ်ခဲ့ခြင်း မရှိပေ။
သူသည် အသက် ၃၀ အရွယ်တွင် သိက္ခာတော်ဘွဲ့ အပ်နှင်းခံခဲ့ရပြီး ၁၉၈၆ တွင် ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် တင်မြှောက်ခံခဲ့ရသည်။ ဒက်စမွန် တူးတူးသည် ၎င်း၏ အခန်းကဏ္ဍကို အသုံးချကာ လူမျိုးရေး ခွဲခြားဆက်ဆံမှုများကို နိုင်ငံတကာ ဒဏ်ခတ်အရေးယူရန် လှုံ့ဆော်စည်းရုံးခဲ့ပြီး နောက်ပိုင်းတွင်လည်း ကမ ္ဘာတစ်ဝန်း လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ပရောစတိတ်ကင်ဆာ ဖြစ်ပွားနေကြောင်း ဆေးစစ်ချက် ထွက်လာပြီးနောက် သူသည် ကုသမှု အကြိမ်ကြိမ် ခံယူခဲ့ရသည်။
နောက်ပိုင်းတွင် သူသည် လူမြင်ကွင်းသို့ ထွက်လာမှု အတော်ပင် နည်းသွားခဲ့ပြီး ယခုနှစ်အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုခံယူရန် ဆေးရုံတစ်ရုံသို့ ဝှီးချဲဖြင့် ရောက်လာပုံကို မြင်တွေ့ခဲ့ရခြင်းသည် နောက်ဆုံး အခိုက်အတန့်များထဲမှ တစ်ခုဖြစ်သည်ဟု သိရသည်။