ချယ်လ်ဆီးအသင်းသည် အင်တာမီလန်အသင်းမှ တိုက်စစ်မှူးဟောင်း လူကာကူကို ပြန်လည်ခေါ်ယူရန်အတွက် အိုဒွိုင်း၊ ကယ်ပါတို့အပါ အဝင် ကစားသမား(၅)ဦးကို ရောင်းထုတ်၍ ငွေရှာရန်စီစဉ်နေကြောင်း Sunday World သတင်းစာက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်ရာသီက အင်တာမီလန်အသင်း စီးရီးအေချန်ပီယံဆု ရရှိခဲ့ရာတွင် အဓိကနေရာမှ ခြေစွမ်းပြခဲ့သော ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် နှစ်သက်သည့် ကစားသမားဖြစ်ကြောင်း သိရသည်။
ထို့ပြင် ချယ်လ်ဆီး နည်းပြ တူဟယ်လ်ကလည်း တိုက်စစ်ပိုင်းကို အားဖြည့်ရန် ဆန္ဒရှိနေခြင်းကြောင့် လူကာကူကို မကြာမီ ကမ်းလှမ်းမှုပြုလုပ်ရန် သေချာနေကြောင်းလည်း သိရသည်။
သို့သော် အင်တာမီလန်အသင်းက လူကာကူအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးပေါင်သန်း (၉၀) ရရှိရန် လိုလားနေသောကြောင့် ချယ်လ်ဆီးအသင်းက ကစားသမားများရောင်းထုတ်၍ ငွေရှာရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးအသင်း ဈေးကွက်တင်မည့်သူများမှာ အိုဒွိုင်း၊ ကယ်ပါ။ ဘာကလေ၊ လော့ဖ်တပ်စ်ချိခ်နှင့် အေဘရာဟမ်တို့ဖြစ်ကြောင်း သိရသည်။