ပြီးခဲ့သည့်စနေနေ့၌ ကစားခဲ့သော ဗီရိုနာအသင်းနှင့်ပွဲစဉ်တွင် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ၂၀၀၆ စီးရီးအေလုပ်ပွဲအရှုပ်တော်ပုံတွင် ပါဝင်ဖူးသည့် ဖခင်ဖြစ်သူ ပီယာလူဂီပီရက်တို၏လုပ်ရပ်ကို ရည်ညွှန်း၍ သားဖြစ်သူ လူကာပီရက်တိုအား လှောင်ပြောင်ခဲ့သော လုပ်ရပ်ကြောင့် (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
ရိုးမားနှင့် ဗီရိုနာအသင်းတို့ပွဲ၏ ထပ်ဆောင်းအချိန်ပိုပေးချိန်အတွင်း မော်ရင်ဟိုသည် ကွင်းလယ်ဒိုင် လူကာပီရက်တိုဘက်သို့လှည့်၍ တယ်လီဖုန်းဆက်သည့်အမူအရာ လုပ်ပြခဲ့သည်။
လူကာပီရက်တီ၏ဖခင် ဒိုင်လူကြီးဟောင်း ပီယာလူဂီပီရက်တိုသည် ဂျူဗင်တပ်စ်အသင်းဒါရိုက်တာဟောင်း လူစီယာနိုမော့ဂီထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ လုပ်ပွဲပြုလုပ်ခဲ့သူဖြစ်ပြီး အဆိုပါဖြစ်ရပ်အား မော်ရင်ဟို ရည်ညွှန်းခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါလုပ်ရပ်ကြောင့် မော်ရင်ဟိုကို စီးရီးအေလိဂ်ပြိုင်ပွဲအဖွဲ့ချုပ်က (၂)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေယူရို (၂၀၀၀၀) ချမှတ်ခဲ့သည်။ ထို့ပြင် မော်ရင်ဟို၏ လက်ထောက်နည်းပြ လူးဝစ်ဆန်းတို့စ်ကို (၂)ပွဲပယ်ပြစ်ဒဏ်၊ ကြံ့ခိုင်ရေးနည်းပြ စတီဖာနိုရာပက်တီကို (၁)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ (၅၀၀၀) ချမှတ်ခဲ့ကြောင်း သိရသည်။
မော်ရင်ဟိုသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ဖေဖော်ဝါရီလ (၂၇)ရက်တွင် ကစားမည့် စပီဇီယာအသင်းနှင့် စီးရီးအေပွဲ၊ မတ်လ (၅)ရက်တွင်ကစားမည့် အတ္တလန်တာအသင်းနှင့် စီးရီးအေပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။