လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ် က အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် လီဗာပူးလ်အသင်း လက်ရှိ ရယူနေသည့် ရလဒ်များသည် မယုံနိုင်စရာဖြစ်သည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အဲဗာတန်အသင်းကို အနိုင် ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး (၁၄)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ (၂၈)မှ စတင်တွက်ချက်ပါက အမြင့်ဆုံးရရှိနိုင်သည့် အမှတ်များထဲမှ (၄)မှတ်သာ လျော့နည်းခဲ့သည်။
ယင်းအတွက်ကြောင့် မန်စီးတီးအသင်းနှင့် အမှတ်အပြတ်အသတ်ကွာဟနေသည့် အနေအထားမှ (၁)မှတ်သာကွာတော့သည့် အနေအထားအထိလည်း ရောက်ရှိလာခဲ့သည်။
ထို့ပြင် လက်ရှိရလဒ်ပိုင်းကြောင့် ပြိုင်ပွဲစုံတွင် ရလဒ်ကောင်းများ ရရှိနေပြီး တစ်ရာသီအတွင်း ဖလား (၄)လုံးအောင်မြင်မှုကို ရယူရန် မျှော်လင့်နိုင်သည့် အနေအထားတွင်လည်း ရပ်တည်နေဆဲဖြစ်သည်။
ကလော့ပ်က ”ဒီဘက်လတွေမှာ ကျွန်တော်တို့ ရယူခဲ့တဲ့ နိုင်ပွဲအရေအတွက်၊ ပမာဏက တကယ့်ကို မယုံနိုင်စရာပဲ။ ကျွန်တော်တို့ အလုပ်ကြိုးစားကြတယ်။ ပြီးရင် ကျွန်တော့်ကစားသမားတွေက ရလဒ်ကောင်းတွေ ယူပေးကြတယ်။ ကျွန်တော်အရမ်းပျော်ပါတယ်”ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၅)ပွဲတွင် (၁၃) ပွဲအထိအနိုင်ရရှိခဲ့ပြီး (၂)ပွဲသာ သရေကျခဲ့သည်။
လက်စတာအသင်းကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ရလဒ်ကောင်းများ ဆက်တိုက်ယူနေပြီး ယင်းကာလအတွင်းတွင် ချယ်လ်ဆီးအသင်းကို လိဂ်ဖလားဗိုလ်လုပွဲ၌ အနိုင်ရရှိခဲ့သလို၊ မန်စီးတီးအသင်းကိုလည်း FA ဖလား ဆီမီးဖို်င်နယ်အဆင့်မှ ထွက်ခွာစေခဲ့သည်။
ယခုအချိန်တွင် ဖလား (၁)လုံး ရယူထားပြီး ကျန် (၃)လုံးမှာ ထပ်မံရယူနိုင်ရန် နီးစပ်သည့် အခြေအနေတွင် ရှိနေသည်။