လီဗာပူးလ်အသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း နောက်ခံအတွင်းလူ ကစားသမားသစ်တစ်ဦးကို မခေါ်ယူလျှင် ပရီးမီးယားလိဂ်ချန်ပီယံဆု ကာကွယ်နိုင်လိမ့်မည်မဟုတ်ဟု အသင်းကစားသမားဟောင်းနှင့် နာမည်ကြီးရုပ်သံဝေဖန်သူ ကာရေဂါက သတိပေးခဲ့သည်။
လီဗာပူးလ်အသင်းတွင် အဓိကနောက်ခံအတွင်းလူများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ဆောက်သမ်တန်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲတွင် အသင်းခေါင်းဆောင် ဟန်ဒါဆန်ပင်လျှင် နောက်တန်းသို့ ဆင်းကစားခဲ့ရသည်။ အခြားကွင်းလယ်လူ တစ်ဦးဖြစ်သည့် ဖာဘင်ညိုမှာလည်း အသင်း၏ခံစစ်ပြဿနာများကြောင့် အစောပိုင်းကတည်းက နောက်ခံအတွင်းလူဖြင့် ပြောင်းလဲကစားနေရပြီး ယခုအခါ ဟန်ဒါဆန်ပင် ပါဝင်လာခြင်းဖြစ်သည်။
“လီဗာပူးလ်အသင်းအနေနဲ့ နောက်ခံအတွင်းလူတစ်ဦး မဝယ်ယူရင် အမှတ်ပေးချန်ပီယံဖြစ်ဖို့ မလွယ်ပါဘူး။ ဗန်ဒိုက် ဒဏ်ရာရခဲ့တဲ့ အဲဗာတန်နဲ့ ပွဲပြီးကတည်းက ကျွန်တော် ဒါကို ပြောခဲ့ပါတယ်။ ဟန်ဒါဆန်က နောက်ခံလူမဟုတ်ပါဘူး။ သူဟာ ဒီနေရာမှာ ကောင်းကောင်းကစားနိုင်ပေမဲ့ သူ့နေရာမဟုတ်ပါဘူး”ဟု ကာရေဂါက ပြောကြားခဲ့သည်။
လက်ရှိတွင် လီဗာပူးလ်အသင်း၌ နောက်ခံအတွင်းလူများအဖြစ် လူငယ်ကစားသမား နာသန်ဖီးလစ်နှင့် ရီးစ်ဝီလျံစ်တို့ နှစ်ဦးသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း၏စီနီယာနောက်ခံအတွင်းလူများမှာ ကာလကြာရှည် အနားယူနေရပြီး အစောဆုံးပြန်ကစားနိုင်မည့်သူမှာ တစ်လဝန်းကျင်ခန့် ကြာမြင့်ဖွယ်ရှိသည်။