လီဗာပူးလ်အသင်းကို ဝယ်ယူရန် အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံသူတစ်ဦးက စိတ်ဝင်စားနေပြီး အသင်းပိုင်ရှင်ဖြစ်သည့် Fenway Sports Group (FSG) အနေဖြင့် ပေါင် ၂ ဒသမ ၇ ဘီလျံရရှိပါက ရောင်းချဖွယ်ရှိကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။
FSG အနေဖြင့် လီဗာပူးလ်အသင်းကို ပြန်လည်ရောင်းချရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်တစ်ပတ်က သတင်းထွက်ပေါ်လာပြီးနောက် အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်နိုင်သည့် ခန့်မှန်းမှုများ ဆက်တိုက်ထွက်ပေါ်နေခြင်းဖြစ်သည်။ Daily Mail သတင်းဌာန၏ ဖော်ပြမှုအရ FSG ပိုင်ရှင်များအနေဖြင့် လီဗာပူးလ်အသင်းကို ဝယ်ယူရန် ချဉ်းကပ်မှုရရှိပြီးနောက် လျှို့ဝှက်ဆွေးနွေးမှုများတွင် ရက်သတ္တပတ်အတော်ကြာစဉ်အချိန်ကတည်းက ပါဝင်နေခဲ့ကြောင်း သိရသည်။ FSG သည် လီဗာပူးလ်အသင်းအား ရောင်းချရန်အတွက် အမေရိကန်အခြေစိုက် နာမည်ကြီး ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း ဖြစ်သည့် Goldman Sachs နှင့် Morgan Stanley တို့ကို ငှားရမ်းထားပြီး သတင်းအချို့ကမူ ပေါင်လေး ဘီလီယံအထက်ရရှိမှသာ ရောင်းချနိုင်ကြောင်း ဖော်ပြလျက်ရှိသည်။
ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်းအား ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်က အမေရိကန်ဘီလျံနာတော့ဒ်ဘိုလီထံ ပေါင် ၂ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချခဲ့ပြီး လီဗာပူးလ်အသင်း၏ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်မှာ ချယ်လ်ဆီးထက် ပိုမိုမြင့်မားသောကြောင့် ယင်းပမာ ထက်များပြားသည့် ဈေးနှုန်းဖြင့်သာ ရောင်းချဖွယ်ရှိကြောင်း ခန့်မှန်းထား ကြသည်။ သို့သော် Daily Mail သတင်းဌာနကမူ ဆွေးနွေးမှုနှင့် နီးစပ်သူများ၏ ပြောကြားမှုကိုကိုးကား ၍ FSG အနေဖြင့် ပေါင် ၂ ဒသမ ၇ ဘီလီယံရရှိပါက ရောင်းချနိုင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ FSG သည် အန်ဖီးလ်ကွင်းတိုးချဲ့ခြင်းနှင့် လေ့ကျင့်ရေးကွင်းပြင်ဆင်မှုများအတွက် ပေါင်သန်းရာဂဏန်းဝန်းကျင် အသုံးပြုထားသော်လည်း ၂၀၁၀ ပြည့်နှစ်က အသင်းအား ဝယ်ယူစဉ် ပေးချေခဲ့ရသည့် ပေါင်သန်း ၃၀၀ ထက် အဆပေါင်းများစွာ အမြတ်ရရှိမည်ဖြစ်သည်။ ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်းက တစ်နှစ်ဝင်ငွေ ပေါင်သန်း ၅၀၀ ၏ ငါးဆရှိသည့် ပမာဏဖြင့် ရောင်းချခဲ့သောကြောင့် ပြီးခဲ့သည့်ရာသီအတွက် ပေါင်သန်း ၆၀၀ ဝန်းကျင်ရရှိနိုင်သည့် လီဗာပူးလ်အသင်းကိုလည်း ဝင်ငွေ၏ ငါးဆဖြစ်သည့် ပေါင်သုံးဘီလီယံ ဝန်းကျင်ဖြင့် ရောင်းချနိုင်ကြောင်း Dauly Mail က ခန့်မှန်းထားသည်။
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း အပြောင်းအရွှေ့ဈေးကွက်တွင် အကောင်းဆုံးအရည်အသွေးရှိသူများကို ယှဉ်ပြိုင်ခေါ်ယူနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံ မှုအသစ်ရှာဖွေခြင်းကို ခွင့်ပြုရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအရ ငွေကြေးသုံးစွဲနိုင်တယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဘယ်နေရာကနေ ဝင်ငွေရမလဲဆိုတာကို ကျွန်တော်တို့ အမြဲတမ်းကြည့်ခဲ့ပါတယ်။ ဒါက အမြဲတမ်းဖြစ်နေတဲ့ အခြေအနေပါ။ အရင်တုန်းက အကြီးဆုံးအပြောင်း အရွှေ့နှစ်ခုဖြစ်တဲ့ အလီ (အယ်လစ်ဆန်) နဲ့ ဗာ့ဂျ် (ဗန်ဒိုက်) တို့က ဘယ်လိုဖြစ်ခဲ့လဲဆိုတာ အားလုံးသိပါတယ်။ ကျွန်တော်တို့ ဘာစီလိုနာဆီကနေ (ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းဖြင့် ရောင်းချမှု) ငွေကြေး တချို့ရခဲ့ပြီး အဲဒါကို ပညာသားပါပါ အသုံးပြုခဲ့တာပါ။ ကျွန်တော်ပြောချင်တာ အဲဒါပါပဲ။ ကျွန်တော်တို့ ဘယ်လိုလုပ်ခဲ့လို့ ဘယ်နေရာကို ရောက်နေတာလဲ။ ဒါပေမဲ့ လတ်ဆတ်တဲ့ ငွေကြေးကလည်း အမှားမဟုတ်ပါဘူး။ ကျွန်တော် ဒီလောက်ပဲ ပြောပါရစေ။ ဘယ်အရာမှ သက်သက်သာသာနဲ့မရပါဘူး။ ကျွန်တော်တို့အားလုံး ငွေကြေးဖောင်းပွမှု ကြုံ တွေ့နေရပြီး ဘောလုံးလည်းအတူတူပါပဲ။ တစ်ခါတလေတော့ ငွေကြေးသုံးစွဲရပါတယ်” ဟု ၎င်းက ဆိုသည်။
လီဗာပူးလ်အသင်းသည် FSG လက်အောက်တွင် ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်စီနှင့် လိဂ်ဖလား နှစ်ကြိမ်ရရှိထားသည်။