ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ လီဂါနက်စ်နဲ့ပွဲစဉ်မှာ အမ်ဘာပေကို ဘယ်တောင်ပံမှာ ထားကစားခဲ့ပြီး တောင်ပံကစားသမား ဗင်နီစီးယက်စ်ကိုတော့ တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားစေခဲ့ပါတယ်။
ယခုနှစ်နွေရာသီအတွင်း ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာတဲ့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်မှာ အသားကျဖို့ ရုန်းကန်နေရပြီး ပွဲဦးထွက် ၁၆ပွဲမှာ ၈ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာလည်း ပြင်သစ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
မနေ့ညက ဘယ်တောင်ပံထွက်ကစားခဲ့တဲ့ အမ်ဘာပေဟာ ဗင်နီစီးယက်စ်ရဲ့ဖန်တီးပေးမှုကနေ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အန်ဆယ်လော့တီက “ပွဲအစကနေ ပွဲပြီးတဲ့အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသခဲ့ပါတယ်။ အသင်းက မာကျောပြီး အာရုံစိုက်ထားတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော် တိုက်စစ်နှစ်နေရာကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ အမ်ဘာပေကို တောင်ပံထွက်ခိုင်းလိုက်ပြီး ဗင်နီစီးယက်စ်ကို တိုက်စစ်မှူးနေရောထားခဲ့ပါတယ်။ နှစ်ဦးစလုံး အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဗင်နီစီးယက်စ်က အမ်ဘာပေကို ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။”လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး အန်ဆယ်လော့တီက “အိုဆာဆူနာနဲ့ပွဲမှာရခဲ့တဲ့ ရလဒ်ကောင်းတွေက ဒီနေ့အတွက် သက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျစ်ကျစ်လစ်လစ်နဲ့ အာရုံစိုက်ကစားနိုင်ခဲ့ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။