အောက်တိုဘာလ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် PSG (၃-၂) လိုက်ပ်ဇစ်ပွဲတွင် အသင်းဖော် မက်ဆီ ဟက်ထရစ်ရစေမည့် နာကျင်အချိန်ပိုပယ်နယ်တီကို ကန်သွင်းခဲ့မှုနှင့်ပတ်သက်ပြီး PSG တိုက်စစ်မှူး ဘာပေက ပွဲအပြီးတွင် ပြန်လည်ရှင်းလင်းခဲ့သည်။
ဘာပေ၏ယင်းပယ်နယ်တီကန်ချက်မှာ ဂိုးဘားပေါ်ကျော်သွားခဲ့ခြင်းကြောင့် PSG အသင်း စတုတ္ထဂိုးနှင့် လွဲချော်ခဲ့ရသည်။
ဘာပေက မက်ဆီ ပထမဆုံးပယ်နယ်တီကန်သွင်းမှုသည် လေးစားမှုထားရှိသည့် အပြုအမူဖြစ်ပြီး ၎င်းတို့နှစ်ဦးအကြား အစောပိုင်းကတည်းက သဘောတူညီမှု ရယူထားသည်ဟု ဖွင့်ဟခဲ့သည်။
”ဒါဟာ သာမန်ဖြစ်စဉ်ပါပဲ။ လေးစားမှုတစ်ခုလည်း ဖြစ်ပါတယ်။ သူ(မက်ဆီ)က အကောင်းဆုံးကစားသမားတစ်ဦးပါ။ သူနဲ့အတူ ကစားခွင့်ရတာကိုက အထူးအခွင့်အရေးတစ်ရပ်ပါပဲ။ ဒုတိယပယ်နယ်တီကတော့ ကျွန်တော်တို့ရဲ့ အပြန်အလှန်ပြုမူမှု တစ်ခုပါ။ သူက ကျွန်တော့်ကို အဲဒီပယ်နယ်တီကန်ဖို့ ပြောခဲ့ပါတယ်”ဟု ဘာပေက ပြောကြားခဲ့သည်။
ယင်းပွဲတွင် ဘာပေက ကိုးမိနစ်တွင် အဖွင့်ဂိုးသွင်းခဲ့ပြီး လိုက်ပ်ဇစ်အသင်းမှ ၂၈ မိနစ်တွင် အန်ဒရေဆေးလ်ဗား၊ ၅၇ မိနစ်တွင် မူကီလီက ဂိုးများပြန်သွင်းခဲ့သဖြင့် PSG အသင်း နောက်မှလိုက်ကစားခဲ့ရသည်။
သို့သော် မက်ဆီက ၆၇ မိနစ်နှင့် ၇၄ မိနစ်တွင် Panenka ပယ်နယ်တီကန်ချက်ဖြင့် နှစ်ဂိုးဆက်တိုက်သွင်းယူကာ နိုင်ပွဲရယူနိုင်ခဲ့သည်။
မက်ဆီသည် ချန်ပီယံလိဂ်ပွဲ ၁၅၂ ပွဲ တွင် ၁၂၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။