လီဗာပူးလ်အသင်းတိုက်စစ်မှူး ဖေမီနိုသည် လိုက်ပ်ဇစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိယအကျော့)ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ပထမအကျော့)ပွဲစဉ်တွင် လိုက်ပ်ဇစ်အသင်းကို အဝေးကွင်း၌ (၂-၀)ဂိုးဖြင့် အနိုင်ရထားသည့်အတွက် ကွာတားဖိုင်နယ်တက်ရန် အခြေအနေကောင်းနေသည်။
သို့သော် လီဗာပူးလ်အသင်းအနေဖြင့် မတ်လ (၁၀)ရက်တွင် ကစားမည့် လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိယအကျော့)ပွဲစဉ်တွင် ဖေမီနိုကို ဆုံးရှုံးရဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုသည် ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၀-၁)ဖူလ်ဟမ်ပွဲကိုလည်း လွဲချော်ခဲ့ရသည်။ ထို့ပြင် ၎င်းသည် အဆိုပါဒဏ်ရာကြောင့် တနင်္လာနေ့က ပြုလုပ်သည့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
လီဗာပူးလ်အသင်းအနေဖြင့် ဖေမီနို၏ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေပြီး အချိန်မီသက်သာလာခြင်းမရှိပါက ၎င်းနေရာတွင် ဂျိုတာကို ပွဲထွက်အဖြစ် အသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။