ချဲလ်ဆီး အသင်း ဟာ ယနေ့ည မှာ ယူဗင်တပ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲကြပ် ကစားရဖို့ ရှိနေပြီး ၊ လာမယ့် တနင်္ဂနွေနေ့ညမှာလည်း နည်းပြ ရာထူး အပြောင်းအလဲ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။
မန်ယူနိုက်တက် ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၇ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့ပြီးနောက် ၊ လွန်ခဲ့တဲ့ ၂ရက်ကပဲ ကလပ် ဂန္တဝင် တဦး ဖြစ်တဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ တရားဝင် ထုတ်ပယ်ခဲ့ကာ ၊ လက်ထောက် နည်းပြ မိုက်ကယ် ကာရစ်ကို ယာယီ နည်းပြ အဖြစ် လတ်တလော ပွဲစဉ် အချို့ကို တာဝန်ယူ ကိုင်တွယ်ခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ် ။
ချဲလ်ဆီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရမယ့် ပွဲဟာ ကာရစ်ရဲ့ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်မယ့် ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ဖြစ်ပါတယ် ။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီး အသင်း အဖို့ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ မန်ယူနိုက်တက်ကို အနည်းနဲ့ အများ သတိထား ရင်ဆိုင်ဖို့တော့ လိုအပ်နေပါတယ် ။
မနေ့က ချန်ပီယံလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ၎င်းတို့နဲ့ မရင်ဆိုင်ရမီ တပတ် အလိုမှာ ဆိုးလ်ရှား တယောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးကနေ အထုတ်ခံခဲ့ရခြင်း အပေါ် တစုံတရာ မှတ်ချက်ပေးဖို့ အခုလိုပဲ ငြင်းဆန်သွားခဲ့ပါတယ် ။
တူချယ် က ” ( ဆိုးလ်ရှား အထုတ်ခံရတဲ့ အပေါ် ) ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ အဝေးကွင်း သွားကစားခဲ့ရပြီး ၊ အင်္ဂါနေ့မှာ အိမ်ကွင်းပွဲ ကစားဖို့ ရှိနေပါတယ် ။ ဒါပြီးတာနဲ့ မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပါ ။ ယူနိုက်တက် အကြောင်းကို ဒီနေ့ရော ၊ မနက်ဖြန်မှာပါ ကျွန်တော်တို့ စဉ်းစားဦးမှာ မဟုတ်ပါဘူး ။ ”
” ယူဗင်တပ်နဲ့ ချန်ပီယံလိဂ်ပွဲ အကြောင်းပဲ အတွေးထဲမှာ ပြည့်နေတာပါ ။ တခြား ကလပ် တသင်းရဲ့ နည်းပြ အပြောင်းအလဲ အကြောင်းကို ကျွန်တော့ဖက်က မှတ်ချက်ပေးသွားမှာ မဟုတ်ပါဘူး ။ ဒါက ကျွန်တော့ အလုပ်လည်း မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့ပြီး ၊ ကလပ် ဂန္တဝင် ဖြစ်တဲ့ ဖရန့် လမ်းပတ် ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ၊ သောမတ်စ် တူချယ် ကို နည်းပြသစ် အဖြစ် အစားထိုး ခန့်အပ်ခဲ့ရာ ၊ ရာသီ အကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် အပြင် ၊ ချန်ပီယံလိဂ် ဖလားကိုပါ ဆွတ်ခူး ရရှိခဲ့ပါတယ် ။
ထိုအခြေအနေနဲ့ လက်ရှိ မန်ယူနိုက်တက် အခြေအနေကို နှိုင်းယှဉ်လို့ ရသလား ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” ဒီလို နည်းပြ အပြောင်းအလဲ လုပ်လိုက်လို့ ချန်ပီယံလိဂ် ဖလား ရသွားမယ် ဆိုပြီး ကျွန်တော် မပြောလိုပါဘူး ။ ဒါဟာ ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုကို တန်ဖိုး နှိမ့်ချသလို ဖြစ်စေပါတယ် ။ ”
” နားထောင် ၊ ကျွန်တော် ဟာ လောလောဆယ်မှာ အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး နေရာကို ရောက်နေပါတယ် ။ ဒီမှာ နေရတာ ၊ ဒီအသင်းနဲ့ အတူ အလုပ်လုပ်ရတာကို ကျွန်တော် ပျော်ရွှင်ပါတယ် ။ ဒါဟာ ပြီးပြည့်စုံမှု ရှိပါတယ် ။ ချဲလ်ဆီးနဲ့ ပတ်သက်တဲ့ လူတိုင်းဆီကို ကျွန်တော့ရဲ့ အပျော်တွေ ကူးစက်စေချင်ပါတယ် ။ ”
” အသင်း တသင်း က နည်းပြ အပြောင်းအလဲ လုပ်လိုက်လို့ ချန်ပီယံလိဂ် ဖလား ရသွားမလား ဆိုတဲ့ အမေး က ကျွန်တော်နဲ့ မသက်ဆိုင်ဘူးလို့ပဲ ပြောပါရစေ ။ ဒါဟာ ရှာလို့ မရတဲ့ နေရာမှာ ကိုယ်ရှာချင်တဲ့ ပစ္စည်းကို ရှာတာနဲ့ တူနေပါတယ် ။ ခင်ဗျားတို့ဟာ ဒီမေးခွန်း မေးရမယ့်သူ မှားယွင်းနေပါတယ် ။ ”
” ဒါက ကျွန်တော့ အလုပ် မဟုတ်ပါဘူး ။ မန်ယူနိုက်တက် ဟာ သူတို့ လုပ်ရမယ့် အလုပ်ကို လုပ်နေကြတာ ဖြစ်ပြီး ၊ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့ဖက်က ဘာမှ ပြောစရာ မရှိပါဘူး ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။