ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်သည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူရေးအတွက် ပေါင်သန်း (၁၅၀)ကျော် အသုံးပြုခွင့်ရမည်ဟု သတင်းများထွက်ပေါ်နေသည်။
တူဟယ်လ်သည် ပြီးခဲ့သည့်ဇန်နဝါရီလကမှ လမ်းပတ်နေရာကို ဆက်ခံကာ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်နှင့် FA ဖလားပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးထားသည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီက နည်းပြ လမ်းပတ်လက်ထက်တွင် ပေါင် (၂၅၃)သန်းအထိ အသုံးပြုပြီး ဟာဗက်ဇ်၊ ဗာနာ၊ ဘင်ချီဝဲလ်၊ မန်ဒီ၊ ဇီယာ့ရှ် အစရှိသည့်ကစားသမားများကို ခေါ်ယူခဲ့သည်။
သို့သော် The Sun သတင်းစာ၏ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် လာမည့်ရာသီ ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းကို ယှဉ်နိုင်ရန်အတွက် ကစားသမားသစ်များခေါ်ယူရန်အတွက် နည်းပြ တူဟယ်လ်ကို ပေါင်သန်း (၁၅၀)အထိ သုံးစွဲခွင့်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် အသင်းတွင် တူဟယ်လ်၏စွမ်းဆောင်မှုများကို သဘောကျနေပြီး လိုအပ်သည့်နေရာများတွင် ကစားသမားသစ်များ ခေါ်ယူပေးရန် စီစဉ်နေခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီတွင် အသင်းတိုက်စစ်ပိုင်းကို အဓိကထားအားဖြည့်သွားဖွယ်ရှိပြီး ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၊ စပါးတိုက်စစ်မှူး ဟာရီကိန်းနှင့် အင်တာမီလန်အသင်းမှ အသင်းတိုက်စစ်မှူးဟောင်း လူကာကူတို့ထဲ တစ်ဦးဦးကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။