ဒီဇင်ဘာ ကို ရောက်လာတာ နဲ့ ပရီးမီးယားလိဂ် ကတော့ သူ့ရဲ့ အစဉ်အလာ အတိုင်း ပွဲတွေ ကို ခပ်စိပ်စိပ် ကစား လာခဲ့ ပါတယ် ။ တနင်္ဂနွေ နေ့က ပွဲစဉ် ၁၂ ပြီးသွားလို့ ၄၈ နာရီ အကြာ မှာပဲ ပွဲစဉ် ၁၃ ကို ပြန်ပြီး အစပြု ခဲ့ပါပြီ ။ ပြီးခဲ့တဲ့ အပတ် တုန်းက မန်ချက်စတာ ဒါဘီ ရှိခဲ့ သလို ဒီ တစ်ပတ် မှာလည်း အဆင့် ၁ မှာ အမှတ်တူ ရပ်တည် နေတဲ့ တော့တင်ဟမ် ဟော့စပါး နဲ့ လီဗာပူးတို့ ရဲ့ ထိပ်တိုက် တွေ့ဆုံပွဲ ရှိနေ ပါတယ် ။
ဒါတင် မက သေးပါဘူး ၊ ဝုဗ် နဲ့ ချဲလ်ဆီး ၊ လက်စတာ နဲ့ အဲဗာတန် ပွဲတွေ ကလည်း ပရိသတ်တွေ ကို စိတ်ဝင်စားမှု အပြည့် ပေးစွမ်း နိုင်မှာ ဖြစ်သလို အဆင့် ၄ က ဆောက်သမ်တန် နဲ့ မဖြစ် မနေ နိုင်ဖို့ လိုအပ် နေတဲ့ အာဆင်နယ် တို့ရဲ့ တွေ့ဆုံမှု ကလည်း ဘယ်လို ရလဒ် ထွက်ပေါ် လာမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေ ပါတယ် ။
ဒါကြောင့် ဒီ တစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အတွက် Sky Sports သတင်း ဌာန ရဲ့ ဂျာနယ်လစ် လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်းချက် တွေကို လေ့လာ ဖော်ပြ ပေးလိုက်ရ ပါတယ် ။
၁ ။ ဝုဗ် – ချဲလ်ဆီး
ဒီရာသီ မှာ ချဲလ်ဆီးတို့ အရင်ကထက် ပိုကောင်း လာပါတယ် ။ အဲဗာတန် ကို ရှုံးတဲ့ ပွဲ အကြောင်း ထည့်မပြော ပါနဲ့ ၊ ဒါမျိုးက ဖြစ်ရိုး ဖြစ်စဉ်ပါ ။ ဒါပေမယ့် သူတို့ အဝေးကွင်း ခြေသိပ်မကောင်း ပါဘူး ။ ဒါက ဒီပွဲ အတွက် စိုးရိမ် စရာပါ ။
ဝုဗ် က ချဲလ်ဆီး နဲ့ ထိပ်တိုက်တွေ့တဲ့ ရလဒ်တွေ မကောင်းပါဘူး ၊ ဒါပေမယ့် သူတို့ တဖြည်းဖြည်း တိုးတက် လာတာ ကတော့ ငြင်းလို့ မရပါဘူး ။ ဂျီမီနက်ဇ် မပါ နိုင်သေးတာ တောင်မှ သူတို့ ကောင်းကောင်း ကစား နိုင်ခဲ့ ပါတယ် ။ ဒါကြောင့် ဒီ တစ်ပွဲ မှာလည်း ဖရန့် လမ်းပတ် တို့ အမှတ်လျော့ ဦးမယ်လို့ ကျွန်တော် ထင်မိပါတယ် ။
ခန့်မှန်းချက် – ဝုဗ် ၂ – ၁ ချဲလ်ဆီး
၂ ။ မန်ချက်စတာ စီးတီး – ဝက်စ်ဘရွန်း
အပေါ်က အသင်းတွေကို လိုက်မီဖို့ အတွက် ဒီပွဲကို မန်စီးတီး မဖြစ် မနေ အနိုင် ကစား ရမှာပါ ။ သူတို့ရဲ့ လူစာရင်း နဲ့ ဆိုရင် အဆင့် ၁၉ က အသင်းကို အနိုင် မရနိုင် စရာ မရှိပါဘူး ။ ဝက်စ်ဘရွန်း ကတော့ ခံစစ် ကို တတ်နိုင်သမှ လုံအောင် ကစားပြီး အဝေးကွင်း မှာ မဖြစ်နိုင်တာကို မျှော်လင့် ရမှာပါ ။ ဒါပေမယ့် သူတို့ ရဲ့ မျှော်လင့်ချက်က မျှော်လင့်ချက် အဆင့်မှာပဲ ရှိနေမှာ အသေအချာပါပဲ ။
ခန့်မှန်းချက် – မန်စီးတီး ၃ – ၀ ဝက်စ်ဘရွန်း
၃ ။ အာဆင်နယ် – ဆောက်သမ်တန်
လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ် လောက်တုန်းက ဆိုရင် ဒီလို အချိန် မှာ အာဆင်နယ် က အဆင့် ၄ ၊ ဆောက်သမ်တန် က အဆင့် ၁၄-၁၅ လောက် ဖြစ်နေမှာပါ ။ ဒီရာသီ မှာတော့ ဒါက ပြောင်းပြန် ပါပဲ ။ အာဆင်နယ် က ဆိုးရွားတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီး ဘယ်လိုမှ ထိန်းချုပ်လို့ မရအောင် ပျက်ဆီး နေပါတယ် ။
ဆောက်သမ်တန် ကတော့ အဓိက ကွင်းလယ်လူ ဟော့ဂျ်ဘာ့ ကို ရောင်းထုတ် လိုက်တာ တောင်မှ ပုံစံ ကောင်း ရနေ တုန်းပါပဲ ။ မန်ချက်စတာ ယူနိုက်တက် ကိုသာ ၂ ဂိုး ပြတ် နိုင်နေရာကနေ ၃ ဂိုး ပြန်ပေးပြီး မရှုံးခဲ့ဘူး ဆိုရင် အခု သူတို့ ဇယားထိပ် ကိုတောင် ရောက်နေ လောက်ပါပြီ ။ ဒီပွဲလည်း ခြေငြိမ်တဲ့ ဆောက်သမ်တန် မရှုံးနိုင် ပါဘူး ။
ခန့်မှန်းချက် – အာဆင်နယ် ၁ – ၁ ဆောက်သမ်တန်
၄ ။ လီဗာပူး – တော့တင်ဟမ် ဟော့စပါး
ဒီပွဲ ကို ဘယ်သူတွေ ဘယ်လို ကစားမလဲ ဆိုတာ အားလုံး ကြိုတွက် ထားပြီး လောက်ပါပြီ ။ ဘယ်တော့မှ ခံစစ် မကစားတဲ့ ယာဂင် ကလော့ က အန်ဖီးလ် မှာ တိုက်စစ်ဆင် ကစားမှာ ဖြစ်ပြီး မော်ရင်ဟို ကတော့ ထုံးစံ အတိုင်း ခံစစ်ကို အထိုင်ချပြီး ဆွန်-ကိန်း အတွဲ နဲ့ ပြန်ပြီး ထိုးဖောက် မှာပါ ။
ဒီပွဲ ရလဒ် က ဆွန်- ကိန်း အတွဲ က ဘယ်လောက် ပုံစံကောင်း ပြနိုင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည် ပါတယ် ။ စပါး တို့ ဂိုးစော ရရင်တောင် ပဲလေ့စ် နဲ့ ပွဲက ပုံစံအတိုင်း ဆိုရင် ဂိုးပြန်ပေး ရမှာ သေချာပါတယ် ။ စပါး တို့ ဂိုးစ မရဘဲ လီဗာပူးသာ ရသွားခဲ့မယ် ဆိုရင်တော့ အိမ်ရှင်တွေပဲ အောင်ပွဲ ခံသွားမှာပါ ။
စပါး က ၀ – ၀ အတွက် လာမှာ ဖြစ်ပြီး လီဗာပူး က ၃ မှတ် အတွက် ကစားမှာပါ ။ ဒါက အဓိက ခြားနားမှု ဖြစ်သွား နိုင်ပြီး အန်ဖီးလ် ကွင်းထဲ ပြန်ရောက် လာတဲ့ ပရိသတ်တွေ ကလည်း တစ်တပ်တစ်အား ပါဝင် နိုင်ဖို့ ရှိပါတယ် ။ အဆုံးသတ် မှာတော့ လီဗာပူး တို့ပဲ အနိုင်ယူသွား မှာပါ ။
ခန့်မှန်းချက် – လီဗာပူး ၂ – ၀ စပါး
၅ ။ ရှက်ဖီး ယူနိုက်တက် – မန်ချက်စတာ ယူနိုက်တက်
ဒီရာသီ မှာ တစ်ပွဲမှ မနိုင် သေးတဲ့ ဇယား အောက်ဆုံးက အသင်းကို မန်ချက်စတာ ယူနိုက်တက် တို့ အမှတ်လှူဦး မလားဆိုတာ သိချင် နေမိ ပါတယ် ။ မနှစ် တုန်းက ဥရောပ ဝင်ခွင့် ကိုတောင် ခြိမ်းခြောက် ခဲ့တဲ့ ရှက်ဖီး ဟာ ဒီရာသီ မှာတော့ တန်းတောင် ဆင်းရမယ့် အခြေအနေနဲ့ ကြုံနေရ ပါတယ် ။ ဒီပွဲ ရှုံးခဲ့မယ်ဆိုရင် ခရစ်စ် ဝိုင်းဒါး အထုတ်ခံ ရဖို့ သေချာ သလောက် ဖြစ်သွားမှာပါ ။
ဒါကြောင့် ရှက်ဖီး တို့ ရုန်းကစား ပါလိမ့်မယ် ။ ဒါပေမယ့် ၁၂ ပွဲ ကစားပြီး ၅ ဂိုးပဲ သွင်းထားတဲ့ တိုက်စစ် က မန်ချက်စတာ ယူနိုက်တက် ကို ဂိုးသွင်း နိုင်ပါ့မလား ၊ ဂိုးသွင်း နိုင်မယ် ဆိုရင်တောင် တစ်ပွဲ ၂ ဂိုးနီးပါး ပေးထား ရတဲ့ ခံစစ် က ယူနိုက်တက် တိုက်စစ်ကို ခွင့်ပြု ရမယ့် အရေအတွက် ထက် ကျော်အောင် သွင်းနိုင်ပါ့မလား ။ တစ်ဖက် မှာလည်း ဆိုးရှား က ဖိအားရှိနေပါတယ် ။ သူ့ထိုင်ခုံ မြဲရအောင် ဒီပွဲ ကို အနိုင် ရမှ ဖြစ်မှာပါ ။ ဒါကြောင့် ယူနိုက်တက် ပဲ အနိုင် ရသွား ပါလိမ့်မယ် ။
ခန့်မှန်းချက် – ရှက်ဖီး ၀ – ၂ မန်ချက်စတာ ယူနိုက်တက်
အခြား ပွဲစဉ် ခန့်မှန်းမှု ရလဒ်များ –
၆ ။ လိဒ် ယူနိုက်တက် ၃ – ၁ နယူးကာဆယ်
7 ။ လက်စတာ ၂ – ၁ အဲဗာတန်
၈ ။ ဖူလ်ဟမ် ၂ – ၀ ဘရိုက်တန်
၉ ။ ဝက်စ်ဟမ်း ၂ – ၂ ပဲလေ့စ်
၁၀ ။ ဗီလာ ၀ – ၁ ဘန်လေ