ရီးယဲလ်နည်းပြ ဇီဒန်းက တောင်ပံကစားသမား ဟာဇက်သည် လေ့ကျင့်မှုပြန်လုပ်နိုင်ပြီဖြစ်ပြီး လက်ကျန်ပွဲများ၌ ပြန်ကစားနိုင်ရန် မျှော်လင့်ထားသည်ဟု အလာဗတ်စ်နှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဟာဇက်သည် ဇွန်လ (၂၈)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် အက်စ်ပန်ညို (၀-၁) ရီးယဲလ်မက်ဒရစ်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဟာဇက်သည် အဆိုပါဒဏ်ရာကြောင့် ဂီတာဖေး၊ ဘီလ်ဘာအိုတို့အား အနိုင်ရသည့်ပွဲစဉ်များကို လွဲချော်ခဲ့ပြီး ယခုအချိန်တွင် အသင်းနှင့်အတူ ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
“သူ့ဒဏ်ရာက ဒဏ်ရာဟောင်းကို ပြန်ထိတာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်း လေ့ကျင့်မှု ပြန်လုပ်နိုင်ခဲ့ပါတယ်။ လက်ကျန်ပွဲတွေမှာ ပြန်ကစားနိုင်ဖို့လည်း မျှော်လင့်ပါတယ်”ဟု ဇီဒန်းက ပြောကြားခဲ့သည်။
ဟာဇက်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ယူရိုသန်း (၁၀၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
သို့သော် ဟာဇက်သည် ရီးယဲလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၁၉)ပွဲသာ ပါဝင်ကစားနိုင်သေးကာ (၁)ဂိုးသာ သွင်းယူထားသည်။